..............................

Wednesday, March 28, 2012

NLD ကြေညာချက် အဓိပ္ပါယ်လွဲမှားနိုင်ဟု KIO ပြော

ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၂၇ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြို့နယ် သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပ နိုင်ခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟို အောင်နိုင်ရေးက ထုတ်ပြန်သည့် ကြေညာချက်မှာ အဓိပ္ပါယ် အကောက်အယူ လွဲမှား သွားစေ နိုင်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ပြောဆိုလိုက်သည်။

တနင်္လာနေ့က NLD ဗဟိုအောင်နိုင်ရေး၏ ကြေညာချက်တွင် “ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကိစ္စကို KIA/KIO နှင့် ဆွေးနွေး ညှိနှိုင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒရှိပါသည်”ဟု ရေးသားထားခြင်းသည် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း မြို့နယ်များတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ မကျင်းပ နိုင်ခြင်းမှာ KIO ကြောင့် ဖြစ်သည်ဟု အဓိပ္ပါယ် လွဲမှား ကောက်ယူ သွားနိုင်သည်ဟု KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“မြို့နယ် သုံးခု ပိတ်ပင်လိုက်တာဟာ KIO ကြောင့် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် လွဲမှားပြီးတော့ ကောက်ယူသွားမှာ စိုးရိမ်တယ် ခင်ဗျ။ အမှန်တကယ်က ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးဆိုတာ ပြောချင်ပါတယ်။ အခု ကြေငြာချက် မှာ KIO နဲ့ တွေ့ဆုံပြီးမှ၊ KIO က ခွင့်ပြုမှ၊ KIO တွေက ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်”ဟု မဇ္ဈိမကို ပြောသည်။

NLD ကြေညာချက်တွင် KIA/KIO နှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန် ကော်မရှင် (သို့မဟုတ်) အစိုးရမှ ဆောင်ရွက် ပေးပါက ဧပြီ ၁ ရက် နေ့တွင် ထို မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲများ ကျင်းပ နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ရေးသား ပါရှိသည်။

ထိုကြေညာချက်နှင့်ပတ်သက်၍ KIO မှ မရှင်းလင်းကြောင်း “ကျနော်တို့ သိပ်နားမလည်ဘူး။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် NLD ကနေ တိုက်ရိုက် ကျနော်တို့ကို စာနဲ့ရေးသားဖို့ သူတို့ ဘာကို ရည်ရွယ်တယ်ဆိုတာ” ဟု ဦးလနန်က ပြောသည်။

NLD ၏ အဆိုပါ ကြေညာချက်တွင်ပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပံ့ပိုး ကူညီရန် အဆင့်သင့် ရှိပါကြောင်းလည်း ဖော်ပြထားရာ KIO ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အဆင်သင့် ရှိသည်ဟု ဦးလနန် က ပြောဆိုလိုက်သည်။

မတ်လ ၂၃ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် မြို့များတွင် “လုံခြုံရေး အခြေအနေကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့်” ရွှေ့ဆိုင်း လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

ထို မဲဆန္ဒနယ် သုံးခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD က ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန် အားခဲထားထားမှု ပျက်ပြား၍ စိတ်ပျက်ရပြီး လုံခြုံရေး ဆိုင်ရာ ပြဿနာ တစုံတရာ မတွေ့ရှိရကြောင်း ပြည်သူတို့၏ သဘောထားကို ကြေညာချက်တွင် ဖော်ပြထားသည်။

KIO ကလည်း “အဲဒီဒေသမှာလည်း KIO တပ်ဖွဲ့ဝင်တွေ သွားတာလာတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့က နှောက်ယှက် တာလည်း ရှိမှာ မဟုတ်ဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတယ် ဆိုတာကိုတော့ နားမလည်ဘူး။ လုံခြုံရေး မဖြစ်ဘူးဆိုတဲ့ ဆင်ခြေက သိပ်ပြီး ယုတ္တိမရှိဘူး”ဟု မဇ္ဈိမနှင့် ဆက်သွယ်မေးမြန်းရာတွင် ဦးလနန်က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့