..............................

Monday, March 26, 2012

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

July 16, 2008

ကျွန်တော့် အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေ ကြတဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို လေးစား ဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း တဖက် တလမ်းမှ ပါဝင် အကြုံပြု လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့် ဘလောဂ်ကို ဆောင်းပါးရေးသား ချီးမြှင့် နေကြတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့ကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတကာမှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်မူဝါဒတွေနဲ့ ပြည်သူလူထု ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို စီစစ်ရွေးချယ်ပြီး သူတို့ကို ဆွေးနွေး ပြန်ကြားစေခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ဖြေကြား ကူညီ ပံ့ပိုးပေးတဲ့ အတွက် ဆောင်းပါးရှင် ဗိုလ်ထက်မင်း နဲ့ ဆရာ ဂါမဏိတို့အား ကျွန်တော်က အထူးကျေး ဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ စာဖတ်သူ တွေ အနေနဲ့လည်း အပြုသဘောဆောင်ပြီး မိမိတို့ရဲ့ ဆန္ဒ သဘောထားတွေ ကို ဒီမိုကရေစီ အနှစ်သာရရှိရှိ တင်ပြပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ အခု ပထမဦးဆုံး ဆရာ ဂါမဏိရဲ့ ဆွေးနွေးပြန်ကြားချက်ကို စာဖတ်သူများအား တင်ပြ ပေးလိုက်ပါတယ်။ ဒီမေးခွန်းတွေကိုဘဲ ဗိုလ်ထက်မင်း က ပြန်လည်ဖြေကြား ထားချက်ကို နောက်နေ့တွေမှာ ဆက်တိုက် တင်ပြသွားပါမယ်။

ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံ မှာ ပြောင်းလဲ လာနိုင်တဲ့ အလားအလာ မရှိတော့ဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ လုံးဝငြိမ်းချမ်းစွာနဲ့ ပြောင်းလဲလာနိုင်မယ့် အလားအလာဟာ မေလဆန္ဒ ခံယူပွဲ ပြီးတဲ့နောက်မှာ ၁ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတော့တယ်။ ရွှေဝါရောင် တော်လှန်ရေး ပြီးစမှာ နအဖက ဆက်ဆံရေး ဝန်ကြီး ခန့်လိုက်တော့ အလားအလာဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ တက်လာပါ သေးတယ်။ ဒါပေမဲ့ ၈၈ ခု အာဏာ သိမ်းပြီးကတည်း က တလျှောက်လုံးမှာ ငြိမ်းချမ်းစွာပြောင်းလဲနိုင်မယ့် အလားအလာဟာ တခါမှ ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ပါဘူး။

ဆွေးနွေးမေးမြန်းချက်(၂)။ ။ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ သုံးသင့် ပါသလား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ နအဖ စစ်အုပ်စုဟာ လက်နက်ကိုသာ ယုံကြည် အားကိုးသူ၊ လက်နက်အင်အား ကိုသာ ကိုးကွယ်သူဖြစ်တယ်၊ တခြား ဘာတန်ဖိုး စံတွေကိုမှ ကိုးကွယ် ယုံကြည်သူ မဟုတ်ဘူးဆိုတာ ရွှေဝါရောင် တုံးက သံဃာတွေကို သတ်ပြခြင်း အားဖြင့် သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ် ကာလက ဂျာမဏီ၊ အီတလီ၊ ဂျပန် ဖက်ဆစ် နိုင်ငံတွေကို စစ်ရေး နည်းလမ်းနဲ့သာ ပြောင်းလဲ စေနိုင်ခဲ့သလို နအဖ အပေါ်လည်း စစ်ရေး နည်းလမ်းဘဲ ကျင့်သုံးမှ ရမှာဖြစ်ပါတယ်။

ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာ အများစုက မလိုလားတဲ့ အကြမ်းဖက် ၀ါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဟာ တဖက်ရန်သူရဲ့ စစ်တပ်အင်အားတွေကို ချေမှုန်းဖို့ သို့မဟုတ် မလှုပ်မယှက် ဖြစ်သွားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအားလုံးက ကိုင်စွဲ ကျင့်သုံးတဲ့နည်းလမ်း ဖြစ်တယ်။ စစ်တပ် မရှိတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။ အကြမ်းဖက် ဝါဒကတော့ ကမ္ဘာပေါ်မှာ အစွန်းရောက် အင်အားစု အနည်းငယ်ကဘဲ ကျင့်သုံးတဲ့ နည်းလမ်းဖြစ်ပြီး လက်နက်မဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးမေးမြန်းချက်(၄)။ ။ စစ်ရေးနည်းဗျူဟာအရ ဆိုရင် ယေဘူယျ ဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်း ဆိုတာ နှစ်မျိုး ရှိပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးတပ် အင်အားတွေ ကြီးထွားအားကောင်း အောင်လုပ်ပြီး ရန်သူတပ်တွေကို တိုက်ခိုက်အနိုင်ယူတာက တနည်း ဖြစ်ပါတယ်။ အမေရိ ကန်နိုင်ငံ (၁၇၇၆ ခု)၊ အဇ္ဇရေး (၁၉၄၈)၊ တရုတ် (၁၉၄၉)၊ ဗီယက်နမ် (၁၉၇၅)၊ ရဝမ်ဒါ (၁၉၉၄)၊ ဘော့စ်နီးယား-ဟာ ဇီဂိုးဗီးနား (၁၉၉၅)၊ အရှေ့တီမော (၁၉၉၉) တို့မှာ အဲသလိုလုပ်ခဲ့ပါတယ်။ နောက်တနည်းကတော့ အာဏာ ရှင်တပ် တွေကို ဒီမိုကရေစီ ပြည်သူတွေဘက် ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ်ပြောင်း ပြန်လှည့်စေ တဲ့နည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၁၉၈၆)၊ ရုရှား (၁၉၉၁)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄)၊ ဆားဘီးယား (၂၀၀၀) တို့ မှာတော့ အာဏာရှင့် လက်အောက်က တပ်မတော်သားတွေကို ဒီမိုကရေစီအင်အားစုတွေက စည်းရုံးနိုင် ခဲ့လို့ အာဏာ ရှင်ရဲ့ပစ်မိန့်ကို မနာခံတော့ဘဲ ပြည်သူတွေဘက် ပူးပေါင်းလိုက်ခြင်းဖြင့် ဒီမိုကရေစီ ပေါ်ထွန်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အကြမ်းမဖက် တိုက်ပွဲရဲ့ နောက်ကွယ်မှာ ဘက်ပြောင်းသွားတဲ့ သေနတ်တွေ မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်က ပြည်သူ့ဘက်ကို ပါလာနိုင်ဖို့ အလားအလာ ရှိရဲ့လား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ တပ်မတော်က ပြည်သူ့ဘက် ပါဝင်နိုင်ဖို့ အလားအလာ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပုံ ကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ ၁၈ နှစ်ကြာပြီး အခုအချိန် မှာလည်း အဲဒီတုံးကထက် မလျော့ဘူး ဆိုတာ တပ်ထဲက သတင်းတွေ ရပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အလားအလာ ၄၀ ရာခိုင်နှုန်း အတွက် ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူတွေက (အောက်ခြေနဲ့ အလယ် အလတ်ဆင့်) တပ်မတော် ကို စိတ်အား ထက်ထက်သန်သန်နဲ့ တာဝန်ယူမှုရှိရှိ အထူးစူးစိုက် သားချင်းဖွဲ့ နွေးထွေး စည်းရုံးတာ မလုပ်သရွေ့တော့ လူထု တိုက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ဘာမှ ထူးလာမှာ မဟုတ်ဘဲ ပြည်သူတွေ ထပ်သေတာဘဲ အဖတ်တင် ပါလိမ့်မယ်။


Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့