..............................

Tuesday, March 27, 2012

ရွေးကောက်ပွဲ အတွေ့အကြုံနှင့် သင်ခန်းစာ

အောင်သန်း(အခြေခံပညာ)
Sunday, 25 March 2012

ယနေ့ သတင်းဂျာနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း သောင်းသောင်းဖြဖြ ရေးသားဖော်ပြနေကြသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီး ကျင်းပခဲ့စဉ်က ယခုလောက် စိတ်ပါဝင်စားမှု တက်ကြွမှု မရှိခဲ့ပေ။ လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်း ကျင်းပခဲ့ကြသော တင်မြှောက် ပွဲများကဲ့သို့ အာဏာရ ပါတီသည် မဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ဆုံးတွင် အနိုင်ရမည်ဟု အတွေ့အကြုံ အရ သိနားလည် ထားကြသဖြင့် ရွေးကောက်ပွဲကြောင့် ထူးခြား ပြောင်းလဲလာမည် မထင်ခဲ့ကြ။ သို့ဖြစ်၍ ၀တ်ကျေ တန်းကျေသာ ဆောင်ရွက်ခဲ့ကြသည်။ ယခုကြားဖြတ်ရွေး ကောက်ပွဲတွင် ပြည်သူများက စိတ်ပါဝင်စား တက်ကြွ လှုပ်ရှား လာကြခြင်းမှာ ဒီမိုကရေစီ အရိပ်အယောင် ပေါ်ထွန်းလာခြင်းကြောင့် ဖြစ်ပေမည်။

အခုလို ဒီမိုကရေစီအရေး လွှတ်တော်ရွေးကောက်ပွဲများအကြောင်း ဖတ်ရ၊ ကြားရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၆ နှစ်က ဖဆပလ အစိုးရ လက်ထက်တွင် ကျင်းပခဲ့သော လွှတ်တော်အမတ် ရွေးကောက်ပွဲ အကြောင်း ပြန်ပြောင်း သတိရမိသည်။ မြန်မာ တစ်နိုင်ငံလုံးတွင် လူမျိုးစုံ၊ ရောင်စုံ သူပုန်များ ထကြွသောင်းကျန်းနေချိန် ၁၉၅၆ ခုနှစ် ဖဆပလ အစိုးရလက်ထက် ကျင်းပသော ပါလီမန် လွှတ်တော် ရွေးကောက်ပွဲ အကြောင်း ဖြစ်သည်။

ထိုစဉ်က ကျွန်တော်သည် ဟံသာဝတီခရိုင် တွံတေးမြို့အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ SAT ဖြစ်၍ ပါလီမန် ရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ပါလီမန်အမတ် လောင်းအဖြစ် အရွေးခံသူ နှစ်ဦးရှိသည်။ တစ်ဦးမှာ ဖဆပလ ပါတီမှ အမတ်လောင်း ဦးသန်းစိန်ဖြစ်ပြီး ကျန်တစ်ဦးမှာ အတိုက်အခံပါတီမှ မော်လ၀ီ ဦးစံရှားဖြစ်သည်။

ကျွန်တော် တာဝန်ယူရသည့် မဲရုံမှာ တွံတေးမြို့မှ ခုနစ်မိုင်ခန့် ကွာဝေးသော တွံတေး တူးမြောင်း နဘေးရှိ ရွာကြီးနှစ်ရွာ အတွက် ထားရှိသော မဲရုံဖြစ်သည်။ မဲရုံကို တူးမြောင်း နံဘေးတွင် ကပ်လျက်ဆောက်ထားသည်။ ရွာနှင့်မဲရုံမှာ မိုင်ဝက်သာသာ ကွာဝေးသည်။ ရွေးကောက်ပွဲ နေ့တွင် ကြိုတင် စီစဉ်ထားသည့်အတိုင်း မော်တော်နှစ်စီးနှင့် မဲရုံတည်ရှိရာသို့ ထွက်ခဲ့သည်။ ပထမ မော်တော်တွင် မဲရုံမှူး၊ မဲရုံအရာရှိ၊ မဲစာရေးနှစ်ဦး၊ အမတ်လောင်း ကိုယ်စားလှယ်နှစ်ဦး၊ ကျေးရွာ လူကြီးနှစ်ဦး၊ ပြည်သူ့ရဲ နှစ်ဦး လိုက်ပါပြီး ဒုတိယ မော်တော်တွင် တပ်မတော်မှ ဗိုလ်တစ်ဦးအုပ်ချုပ် သည့် တပ်စိတ်တစ်စိတ် လိုက်ပါစောင့်ရှောက်သည်။ မဲရုံသို့ နံနက် ၆ နာရီတွင် ရောက်ရှိသည်။ မဲရုံတွင် ကြိုတင်ရောက်ရှိနေသော ကျေးရွာလူကြီးများက ဆီးကြိုပြီး မဲရုံကိုလွှဲ ပြောင်းပေးသည်။ မဲရုံလုံခြုံမှု၊ မဲပုံး၊ မဲပြား၊ မဲစာရင်းမှန်ကန်မှု စသည့် စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း နံ နက် ၇ နာရီတွင် မဲရုံဖွင့်သည်။

နံနက် ၉ နာရီထိုးပြီ။ မဲရုံဖွင့်ထားသည်မှာ နှစ်နာရီ ရှိပြီဖြစ်သော်လည်း မဲပေးမည့်သူ တစ်ဦး တစ်ယောက်မျှ ရောက်မလာပါ။ သို့သော်လည်း ရွာကြီး နှစ်ရွာကြားတွင် ဖုန်တထောင်းထောင်း နှင့် လူအုပ်ကြီး ရွှေ့လျားနေသည်ကို မြင်နေရ ပါသည်။ လူတွေ မြင်နေရပြီး မဲပေးမည့်သူ တစ်ယောက်မျှ မရောက်လာသဖြင့် အဆိုပါ ရွာနှစ်ရွာမှ ရွာလူကြီး နှစ်ဦးအား မေးမြန်း ကြည့်ပါသည်။ ကျွန်တော်၏ အမေးကို မသိသကဲ့သို့ ဘာသိဘာသာ နေသည်။ ဖြေလိုစိတ်ရှိ ဟန်မတူပါ။ ဤတွင် ဖဆပလ အမတ်လောင်း မဲကိုယ်စားလှယ်က ယခုမြင်နေရသည့် လူအုပ်ကြီးမှာ ထိုရွာ နှစ်ရွာသို့ သူပုန်များရောက်လာပြီး မဲပေးပိုင်ခွင့် ရှိသူများကို တစ်အိမ် တက်ဆင်း ခေါ်ထုတ်၍ အတိုက်အခံကို မဲပေးရန် ပြောနေခြင်းဖြစ်ကြောင်း ပြောပါသည်။

နံနက် ၉း၃၀ နာရီခန့်တွင် မဲဆန္ဒရှင်များ တန်းစီရောက်လာပြီး မဲ ပေးကြပါသည်။ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ ညနေ ၃ နာရီတွင် မဲပေးမှု ပြီးဆုံးသွားသည်။ မဲပုံး၊ မဲစာရင်း အပိုမဲများကို စနစ်တကျ ချိပ်ပိတ်ပြီး တွံတေးသို့ ပြန်ခဲ့သည်။ တွံတေးမြို့သို့ ပြန်ရောက်သောအခါ ဖဆပလ အမတ်လောင်း ကိုယ်စားလှယ်၏ တင်ပြချက်အရ ဖဆပလက အမတ်လောင်း ဦးသန်းစိန်က သူပုန်များ ခြိမ်းခြောက်ကြိမ်းမောင်း၍ မဲ ပေးခိုင်းသော ကျွန်တော် တာဝန်ယူရသည့် မဲရုံမှမဲများသည် တရားမ၀င်ကြောင်း။ သို့ဖြစ်၍ ကန့်ကွက်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်သို့ ကန့်ကွက်စာ တင်သည်။ ထို့အတူ တွံတေးမြို့ပေါ်မှ မဲရုံနှစ်ရုံတွင်လည်း အာဏာရပါတီ ဖဆပလ၏ အစိုးရ၀န်ထမ်းများ၊ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့များက ဖဆပလကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်သည်။ သို့ဖြစ်၍ ဤမဲရုံများမှ မဲများသည် တရားမ၀င်ကြောင်း အတိုက် အခံပါတီ အမတ်လောင်း မော်လစီ ဦးစံရှားက ကန့်ကွက်စာတင်သည်။ အပြန်အလှန် ကန့်ကွက်ကြသည်။

ကန့်ကွက်ခံရသော မဲရုံသုံးရုံမှ မဲရုံမှူးများ မဲပုံးများနှင့်အတူ ဟံသာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လိုက်ကြရသည်။ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်သည် ရန်ကုန် - ကမ်းနားလမ်း ပုလိပ်ရုံးကြီးတွင် ရုံးဖွင့်ထားသည်။ ခရိုင်ရုံးတွင် ကျွန်တော် တာဝန်ကျသော မဲရုံမှ မဲပုံးများကို နှစ်ဖက် ကာယကံရှင်များရှေ့တွင် ပြသဖွင့်လှစ် ရေတွက်သည်။ ကန့်ကွက်သူ ဖဆပလ အမတ်လောင်း ဦးသန်းစိန်က မဲ ၉၀ ရာခိုင် နှုန်းရပြီး ကန့်ကွက်ခံရသူ အတိုက်အခံ မော်လ၀ီ ဦးစံရှားက မဲ ၁၀ရာ ခိုင်နှုန်းသာရရှိသည်။ တွံတေးမြို့ပေါ် မဲရုံနှစ်ရုံကို ဖွင့်ဖောက်ရေတွက် သောအခါ ကန့်ကွက်သူ အတိုက်အခံ အမတ်လောင်း၊ မော်လ၀ီဦးစံရှားက မဲ ၆၅ ရာခိုင်နှုန်းနှင့် ကန့်ကွက်ခံရသူ ဖဆပလ အမတ်လောင်း ဦးသန်းစိန် က ၃၅ ရာခိုင်နှုန်းသာ ရရှိသည်။

ပေါ်ထွက်လာသော ရွေးကောက်ပွဲ မဲရလဒ်ကိုကြည့်ပြီး တအံ့တသြ ဖြစ်မိသည်။ အညိုရောင်ဒေသဟု သတ်မှတ် ထားသော ရောင်စုံ သူပုန်များ ကြီးစိုးသည့် ကျေးရွာများမှ ပြည်သူများသည် လက်ရှိ အာဏာရပါတီ အစိုးရကို ထောက်ခံမဲ ပေးပြီး အဖြူရောင် ဒေသဟု သတ်မှတ်ထားသော မြို့ပေါ်မှ ပြည်သူများသည် လက်ရှိ အာဏာရပါတီအစိုးရကို မထောက်ခံ အတိုက်အခံကို မဲပေးကြသည်။ အထင်နှင့် အမြင်ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆန့်ကျင်ဘက် ဖြစ်ရသည့် အကြောင်းရှိရမည်။ အကြောင်းမဲ့ဖြစ်သော အကျိုးမရှိဟု ရှင်တော်ဗုဒ္ဓကဟောခဲ့သည် မဟုတ်ပါလား။ရောင်စုံသူပုန်တို့ ကြီးစိုးရာ အညိုရောင်ဒေသများတွင် ပြည်သူများသည် လွတ်လပ်စွာ ပြောဆိုခွင့်မရှိ၊ ဆက်ကြေး၊ ရိက္ခာတောင်းသည့်အတိုင်း ပေးရသည်။ ပြန်ပြောလျှင် တော်လှန်ရေး သစ္စာဖောက်ဟု စွပ်စွဲသည်။ အပြစ်ပေးသည်။ ခြိမ်းခြောက်သည်။ ထို့ကြောင့် သူပုန်များကို မကျေနပ်ကြ။ အစိုးရ အာဏာစက်တည်ရာ အဖြူရောင်နယ်မြေရှိ ပြည်သူများ ထို့အတူပင် လွတ်လပ်စွာ ပြောဆိုခွင့်မရှိ၊ ကင်းကြေး၊ လူကြီး ဧည့်ခံ စရိတ် စသည့် ရန်ပုံငွေ အမျိုးမျိုး ပေးရသည်။ လုပ်ငန်းရှင်များ အပေါ်လည်း မလျော်သြဇာသုံး၍ အမျိုးမျိုး ခြယ်လှယ်သည်။ ထို့ကြောင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကိုလည်း မကျေနပ်ကြ။

ပြည်သူတို့သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ခင်မင်ရင်းနှီးပြီး တညီတညွတ်တည်းရှိမှုကို လိုလားကြသည်။ အနိုင်အထက် စေခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အကြမ်းဖက်ခြင်း တို့ကို မလိုလားကြ။ သို့ဖြစ်၍ လျို့ဝှက်မဲပေးရသော ရွေးကောက်ပွဲတွင် သူတို့၏ ဆန္ဒမှန်ကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူတို့၏ အဖြေ ဖြစ်သည်။

နိုင်ငံရေး ပါတီများသည် နိုင်ငံနှင့် ပြည်သူတို့အတွက် စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်လိုပါသည်ဆိုလျင် အများ ပြည်သူ တို့၏ စိတ်နေ သဘောထားကို နားလည် လေးစားသင့်ပါသည်။ ယခင်နှစ်ငါးဆယ်ကျော်က ရှိခဲ့သော ပြည်သူတို့၏ စိတ်နေသဘောထား ယနေ့ ခေတ်တွင်လည်း ရှိနေပါ သည်။ သို့ဖြစ်၍ မဲဆန္ဒရှင် ပြည်သူအများ လိုလားသော လွတ်လပ်မှု၊ တရားမျှတမှု၊ ညီညွတ်မှုတို့ကို ပေးစွမ်းနိုင်မည့် ပါတီသာလျှင် လာမည့် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အောင်နိုင်မှု ရမည်မှာ သေချာပါသည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်ပါသည်။

Ref: EMG News

0 comments:

အပေါ်သို့