..............................

Thursday, March 29, 2012

ရွေးကောက်ပွဲကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

2012-03-28

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ အမေရိကန် ပြည်ထောင်စုက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ဝင် နှစ်ဦးရဲ့ အမည်တွေကို နိုင်ငံခြားရေး ဌာနက မနေ့က ကြေညာသွားပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ NDI က Peter Manikas နဲ့ နိုင်ငံတကာ ရီပါပလီကင် အဖွဲ့ IRI က Johanna Kao တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland ကပြောပါတယ်။

ဒါပေမယ့် သူတို့တွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတာထက် ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာ ကိုယ်တိုင် မျက်မြင် သွားရောက် ကြည့်ရှုကြမှာ ဖြစ်တယ်လို့ Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်က စေလွှတ်မယ့်အဖွဲ့ဟာ ရွေးကောက်ပွဲကို စောင့်ကြည့်တယ်ဆိုတဲ့ အဆင့်မှာတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ အစိုးရက ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်း အလိုမှ ဖိတ်ခေါ်ခဲ့တာမို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနဲ့ အညီ စစ်ဆေးနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ (၂၈) ရက်နေ့ ကနေ ဧပြီလ (၃) ရက်နေ့အထိ လေ့လာ ကြည့်ရှုမှာ ဖြစ်ပါတယ်။

အလားတူပဲ ကုလသမဂ္ဂက စေလွှတ်မယ့် အဖွဲ့နဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်မှာပါ။ အဲဒီအဖွဲ့ကနေ ရွေးကောက်ပွဲ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကို တင်ပြမှာ ဖြစ်တယ်လို့ ပြောဆို ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့