..............................

Tuesday, March 27, 2012

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ

ဂါမဏိ

ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံ တခုလုံးရဲ့ ၆၁% ကျယ်ဝန်း ပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်း အနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး အနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့ အထွက် ၇၀% အထိ အဓိက ကျနိုင်ပါတယ်။

မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စ ပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေး ကနေ သယ်ယူ ပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေ အထိ မှီခိုအား ထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက် နုံးတင်မြေနု အဖြစ်ထွန်းဆုံး မြစ်ဝ ကျွန်းပေါ် ဒေသကိုလဲ ပေါ် ထွက်စေခဲ့ပါတယ်။ ဧရာဝတီကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါ တယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လက်အောက်မှာ ဧရာဝတီကို မျက်နှာလွှဲ နေခဲ့လို့ ဧရာဝတီရဲ့ ကျန်းမာရေးဟာ ယိုယွင်း ကျဆင်း လာခဲ့ရပါတယ်။

အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှုကပ်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ရောက်လာ ပါတော့တယ်။ ပြီးခဲ့တဲ့နှစ် ကာလတွေ အတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့ မလားလို့တောင် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ရေအနက် လူတရပ်တောင် မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် ရေ နည်းလတွေဟာလဲ ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲက ငါးဖမ်းရတာတွေက တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။

ဒါပေမဲ့ အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသဲအသန်အခြေအနေကို ရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝတီ မြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသမှာ ရေကာတာကြီး ၁၂ ခုထက်မနည်း ဆောက်လုပ်ဖို့ တရုတ်နိုင်ငံကို ရောင်း စားလိုက်တာကြောင့် ဖြစ်ပါတယ်။
 

ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ --

(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ ထုတ်မှာဖြစ် ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်။
(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လာဇာရေကာတာက မီဂါဝပ် ၁၉၀၀ ထုတ်လုပ်မှာ ဖြစ် ပါတယ်။
ဧရာဝတီရဲ့ နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ဆောက်မှာဖြစ်ပါတယ်။
(၃) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀ ထုတ်မယ်။
(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀ ထုတ်မယ်။
(၅) လာကင် (ခေါ်) ယီနန် ရေကာတာက ၁၄၀၀ မီဂါဝပ်ထုတ်မယ်။
(၆) ဖီဇော ရေကာတာက ၂၀၀၀ မီဂါဝပ် ထုတ်မယ်။
(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက ၂၇၀၀ မီဂါဝပ်ထုတ်မယ်။
ဧရာဝတီမြစ်ဖျားခံရာမဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲစီးဝင်တဲ့ တပိန်မြစ်ပေါ်မှာလဲ ရေကာတာ ၂ ခု နဲ့ ပိတ်မှာဖြစ်ပါတယ်။
(၈) တပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀ ထုတ်မယ်။
(၉) တပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈ ထုတ်မယ်။
ဒီရေကာတာကြီး ၉ ခုက ကချင်ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ ပိတ်မှာဖြစ်ပါတယ်။ ဒါတွေ ကတော့--

(၁၀) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ ထုတ်လုပ်နေပြီး တရုတ်နိုင်ငံကို တင်ပို့နေပြီ ဖြစ်ပါတယ်။
(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
ဒီ ၃ ခုက ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီအောက်ပိုင်းအတွက် အဓိကရေဝေဖြစ်တဲ့ ချင်းတွင်းမြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု ဆောက်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာ ရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ရောင်းချပေးဖို့ ရည် ရွယ်ထားပါတယ်။ ဒီရေကာတာတွေရဲ့ ပမာဏတွေ ကတော့ --

(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀ ထုတ်မယ်။
(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀ ထွက်မယ်။
(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀ ထွက်မယ်။
(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀ ထွက်မယ်။
(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာက မီဂါဝပ် ၃၈၀ ထွက်မယ်။

ဒီရေကာတာတွေဟာ မြန်မာပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား ဖောဖောသီသီ သုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ် ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တရုတ် အရင်းရှင်၊ ကုလား အရင်းရှင်တွေ အကျိုးအတွက် ဖြစ်နေပါတယ်။


ဒါတွေကိုကြည့်ရင် ဧရာဝတီရဲ့ရေတွေကို ပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ကုလားလက်ထဲ ထည့်လိုက်မယ့် ပမာဏဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်းတွေက စတင် နေပြီဖြစ်ပြီး အိန္ဒိယနဲ့ လုပ်ငန်းတွေကတော့ မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင် မုဒိမ်းကျင့်နေပြီ လို့ ပြောနိုင်ပါတယ်။

ဒါတွေနဲ့ယှဉ်ကြည့်ရင် ပြည်တွင်းမှာသုံးစွဲဖို့ ဆောက်လုပ်ထားတဲ့ ဆောက်လုပ် နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေက ကလေး ကစားစရာလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာ အကြီးဆုံး တည်ဆောက်ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်းလောင်း (မီဂါဝပ် ၂၈၀)၊ လောပီတ-မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ဘဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက်တွေချည်း ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အား ရောင်းစား ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ ရေကာတာတွေ ကတော့ မီဂါဝပ် ထောင်ချီပြီးထွက်မယ့် ဧရာမ ရေကာတာကြီးတွေ ဖြစ်နေပါတယ်။ အသေးဆုံး ကတောင် မီဂါဝပ် ရာဂဏန်း အထက် ထွက်မယ့် ရေကာတာတွေ ဖြစ်နေပါတယ်။

စစ်အုပ်စုရဲ့ ရေကာတာဆောက်လုပ်ရေး ရည်ရွယ်ချက်က အပေါ်ယံအားဖြင့်တော့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ပြည်ပ တင်ပို့ရေး၊ လယ်ယာမြေတွေ အတွက် ရေပေးဝေရေး လို့ပြောပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ် ချက်တခုလဲ ရှိပါတယ်။ အဲဒါကတော့ တော်လှန်ရေး အင်အားစုများ အနေကြုံ့စေရေး၊ တားဆီးကန့်သတ်ရေး ဖြစ်ပါ တယ်။ ပြည်တွင်းမှာ တည်ဆောက်တဲ့ ရေကာတာ အငယ်တွေကော၊ နယ်စပ်အနီးအနားမှာ တည်ဆောက်တဲ့ ရေကာ တာကြီးတွေပါ ဒီရည်မှန်းချက် ထားပါတယ်။

ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက်နှစ်ခုကတော့ ရေမြုပ်ဧရိယာက သစ်တောတွေ ခုတ်လှဲ ရောင်းစားဖို့၊ ရေကာတာ တည်ဆောက်ရေးမှာ သုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ်ကြ ဖို့လဲ ဖြစ်ပါတယ်။ မဆလ ခေတ်မှာ ပထမဆုံး ဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည် တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေ နဲ့ ပအိုဝ်း တော်လှန်ရေးတွေရဲ့ အခြေခံဒေသ ပျက်ပြားဖို့၊ မြန်မာပြည် အတွင်းပိုင်း ထိုးဖောက်ရေးကို အဟန့်အတား ဖြစ်ဖို့ ရည် ရွယ်ခဲ့ပါတယ်။ ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာ တွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင် တော်လှန်ရေး သမားတွေ ပြန်အခြေမခံနိုင်အောင်၊ စစ်တောင်းမြစ် ကူးလာပြီး ကွင်းထဲကနေ ရိုးမပေါ် တက်ရခက်အောင်၊ ရိုးမပေါ် သွားလာရ ခက်အောင်၊ ရိုးမပေါ်ကနေ အဓိက ကွင်းဒေသတွေကို ထိုးဖောက် ဝင်ရောက်ရ ခက်အောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်)ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပတွေ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ ရည်ရွယ်ခဲ့သလို ဆည်တော်ကြီး ဆည်ကတော့ မိုးမိတ်-မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည် ရပ်စောက် ဒေသက ဇော်ဂျီ ရေကာတာဟာ ဗကပတွေနဲ့ ရှမ်းသူပုန်တွေရဲ့ အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တားဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ် ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေး တွေ ကဒူးကနန်း ဒေသ မြစ်ဖျားတိုင်း ကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်က ရေကာတာ တွေဟာ ကချင် တော်လှန်ရေး တွေရဲ့ အခြေခံ နယ်မြေ သေးကြုံ့ရေးနဲ့ ဆက်သွယ် သွားလာမှု ခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီ ရေကာတာတွေဟာ ကချင်၊ ရှမ်းနဲ့ ပလောင် တော်လှန်ရေးတွေ ဆက်သွယ် သွားလာမှု ခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။ ဗကပ၊ ရှမ်းနဲ့ ပလောင်တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီး ခြေချ မရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ နဲ့ နမ့်လန် ရေကာတာဆောက်ဖို့ စီမံကိန်းလဲ ချထားပါတယ်။ အထက်သံလွင်နဲ့ တန့်ယန်း ရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင် အဖွဲ့တွေနဲ့ ရှမ်း-ကချင် တော်လှန်ရေးတွေ ရှိရာ သံလွင် အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည် တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်းချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန်ရေးတွေကို ခက်ခဲအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်း နဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်း လက်နက်ကိုင်တွေကို ဟန့်တားဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေ အပါအဝင် ကရင်နီနဲ့ ကျောင်းသား လက်နက်ကိုင် တွေကို ဟန့်တားဖို့ ရည်ရွယ်ချက် ပါရှိပါတယ်။

ကရင်နဲ့ ကျောင်းသားတော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ဖို့ရည်ရွယ်တဲ့ ရေကာတာတွေ ကတော့ သောက်ရေခပ်၊ ရွှေ ကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီ တော်လှန်ရေးကိုပါ ဟန့်တားနိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီ ရေကာတာတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့ အနေနဲ့ စိုင်းတင်နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်း ဆွဲထားပါတယ်။

"သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ" ဆိုတဲ့ စစ်ရေးအဓိကအမြင်နဲ့ ရေလှောင် တမံတွေ ရေကာတာတွေ ဆောက်သလို စစ်ရေး အမြင်နဲ့ဘဲ နည်းပညာညံ့ မြစ်ကူး တံတားကြီးတွေ ဆောက်ခဲ့တဲ့ အတွက် ဧရာဝတီ မြစ်ကြောင်း ပျက်စီးမှု တွေလဲ ဘယ်ခေတ်နဲ့မှ မတူအောင် ဖြစ်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာစည်းစိမ်မြဲရေး အတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွေကို ပိတ်ဆို့ ကန့်သတ်ဖို့တင်မက တရုတ် ကုလား ယိုးဒယားတို့ သဘောကျစေဖို့နဲ့ နိုင်ငံခြားငွေ ရစေဖို့ နယ်ခြား ဒေသ ရေကာတာကြီးတွေ ဆောက်လုပ် ခဲ့ရာမှာ နိုင်ငံ့ အချုပ်အခြာ အာဏာကို ဘေးချိတ် လိုက်ပါတော့တယ်။ ကိုယ့် တိုင်းပြည်က အဓိက ပင်မ သယံဇာတတွေကို နိုင်ငံခြားသားလက် ထိုးအပ်တာလောက် အချုပ်အခြာ အာဏာ ထိခိုက်တာ မရှိပါဘူး။ အခုလို ထိုးအပ်လိုက်တာဟာ နိုင်ငံ့ အသက်သွေးကြော ဧရာဝတီမြစ်ကို သေဒဏ် ပေးလိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။

နိုင်ငံ့ရဲ့ အသက်သွေးကြောမြစ်မကြီး၊ နိုင်ငံ့ရဲ့ ပင်မသယံဇာတရင်းမြစ်ကြီးကို ရောင်းစားတာ၊ နိုင်ငံတွင်းက အခြေခံ ပြည်သူ လူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဘဝတွေကို ပျက်သုဉ်း စေတာဟာ တကယ်တော့ အချုပ်အခြာ အာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက် ကောင်းလှတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ပြည်တွင်းမှာ အကြီးအကျယ် လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှု ထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုးအပ်လိုက် ကတည်းက အချုပ်အခြာ အာဏာ ပါသွားခဲ့ပြီ ဖြစ်ပါတယ်။

တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းတာ (ရေကာတာတွေ ဆောက်လို့ သူပုန်တွေ မထိခိုက် တာကို မိုးဗြဲ ရေကာတာ ဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေ ပြခဲ့ပါပြီ)၊ တိုင်းရင်း သားတွေကို တန်းတူအခွင့်အရေး အပြည့်အဝပေးတာ၊ မြစ်ဝှမ်း တလျှောက်သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင် တာ၊ မြစ်ကြောင်း အနေအထား မပျက်ယွင်းစေတဲ့ မြစ်ကူး တံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အဆိပ် သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ် တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မှီယန္တရား စက်ကြီးတွေနဲ့ သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား အတွက်လဲ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေ၊ ရေကာတာ ပညာရှင်တွေ၊ ဒေသခံ လူထုတွေဆီက သေသေချာချာ အကြံဉာဏ် ရယူပြီးမှ (လျော် ကြေးလဲ လောက်လောက်ငှငှ ပေးပြီးမှ) တည်ဆောက်ရမှာ ဖြစ်ပါတယ်။

တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေ အဖို့ စိုင်းထီးဆိုင် သီချင်းထဲကလို "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံ လုံးက ပြည်သူလူထုတွေ အတွက် လျှပ်စစ် လိုင်းကြိုးတွေနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်လာပါပြီ။

အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်တဲ့ စစ်အစိုးရ လက်ထက်မှာ ဗမာပြည် ဗဟိုချက် မန္တလေးမြို့တော် ရဲ့ မြေယာ အိုးအိမ်တွေ နောက်တိုး တရုတ်ပြည်သားများ လက်ထဲ ရောက်သွားတာ တဆက် တစပ်တည်း ဖြစ်လာပါ တယ်။ သီပေါမင်း လက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေး လူဦးရေ တသိန်းနီးပါးမှာ တရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တလေး လူဦးရေ တသန်းမှာ တရုတ် လူဦးရေက ၄ သိန်းနီးပါး ရှိနေပြီး သခင် လူတန်းစားသစ် ဖြစ်လာပါတယ်။

အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ မြေ တွင်းထွက် နဲ့ လူသားတွေကို ထိန်းချုပ် တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ ဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ် ဆန့်ကျင်ရေး အစဉ်အလာ ကြီးမားတဲ့ မြန်မာ နိုင်ငံသားတွေ သိကြပါတယ်။

ဒါတွေကို ဗဟိုအစိုးရကဘဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေ ကတော့ တိုင်းပြည့် အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO က တပြည်လုံး အကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီး အာဏာ ဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက် မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့ တိုက်ပွဲ ဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ်အခြာ အာဏာ ပြန်လည်ရယူရေး တိုက်ပွဲလဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ဒီအချိန်မှာ ဧရာဝတီကိုကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင် တိုက်ပွဲကို ပြည်တွင်း ပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီမြစ်တွေ ပေါ်က ရေကာတာ စီမံကိန်းတွေကို ရိုက်ချိုး ဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ ဧရာဝတီ အရေးတော်ပုံကို တပြည်လုံး အနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ လူထုတိုက်ပွဲတွေ တပ်တွင်း ပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့ နည်းမှတပါး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အခြားလမ်း မရှိပါ။

ဂါမဏိ

0 comments:

အပေါ်သို့