..............................

Monday, April 18, 2011

လာပြန်ပြီ မြဝတီတခု

ရဲဘော်ဖိုးသံချောင်း
သောကြာနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၁

ဗမာပြည်မီဒီယာလောကမှာ မြဝတီတခုတိုးပြန်ပြီ။ ဒီတခါပေါ်လာတာက သတင်းစာ အဖြစ်နဲ့ပါ။

သမိုင်းကို ပြန်ကြည့်လိုက်ရင် ဗမာပြည် မီဒီယာလောကမှာ မြဝတီ ဆိုတဲ့ အသုံးအနှုန်းကို စစ်အုပ်စု အဆက်ဆက်က မောင်ပိုင် စီးထားသလို ရှိခဲ့ပါတယ်။ စပေါ်လာတာကိုက ၁၉၅၂ခုနှစ်၊ နိုဝင်ဘာလ။ ပြည်တွင်းစစ် အရှိန်အဟုန်မြင့် နေချိန်မှာ စစ်တပ်နဲ့ ဆိုရှယ်လစ်အစုရဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို ဝါဒဖြန့်ဖို့ အတွက် သီးသန့် အစီအစဉ်တခု အနေနဲ့ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနကနေ စီစဉ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ထုတ်တဲ့ ရည်ရွယ်ချက်ဟာ စစ်တပ်က ရွာတွေကိုမီးရှို့၊ လုယက်၊ အမျိုးသမီးတွေကို ဗလက္ကာယ ပြုနေတာတွေကို ဖုံးကွယ်၊ ကာကွယ်ဖို့နဲ့ သူတို့ကို လက်နက်ကိုင် ဆန့်ကျင် သူတွေကို အပုပ်ချ တိုက်ခိုက်ရေး ဖြစ်ပါတယ်။ အောင်မာဃလို ထိုးစစ်ကြီးတွေမှာ အဓိက ဝါဒဖြန့်ချိသူ အဖြစ် ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းဆိုရင် မမှားပါဘူး။

“စာဆိုစစ်သည်”မြဝတီဦးစရဲ့ နာမည်ကို ယူထားတဲ့ ဒီမဂ္ဂဇင်းကို တပ်မတော်က ထုတ်ဝေတယ် ဆိုပေမယ့် ဒီမဂ္ဂဇင်းကို ဦးစီးသူကသာ စစ်တပ်ကဖြစ်ပြီး လက်တွေ့ လုပ်ဆောင်သူတွေက စာရေးစာသား ကောင်းတဲ့ လက်နက်ချတွေ၊ ခြံကူးတွေက အဓိက ဖြစ်ပါတယ် (နာမည်တွေ မရေးတော့ပါ)။ ဒါ့အပြင် မြေပေါ်-မြေအောက် လက်နက် ချသူတွေကို လက်နက်ချကြောင်း ကြေညာဖို့ အတွက်လဲ ဒီမဂ္ဂဇင်းဟာ စင်မြင့်တခု ဖြစ်ခဲ့ပါတယ်။ ကိုယ်မူလ ယုံကြည်ခဲ့တာကို စွန့်လွှတ်ပြီ ဖြစ်ပါကြောင်း၊ အစိုးရကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ဖြင့် လမ်းခွဲ လိုက်ပြီ ဖြစ်ပါကြောင်း မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်ကနေ သဏ္ဌာန် အမျိုးမျိုးနဲ့ ကြေညာ နိုင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ သူပုန်တွေကို စစ်ကြောရေးမှာ စစ်ပြီးနောက် လွတ်ချင်ရင် မြဝတီထဲမှာ ဆောင်းပါးရေးမလား ဆိုတာမျိုး မေးတတ်ပါတယ်။ ဆိုလိုတာ မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်ကနေ ခံဝန်ကတိ ပေးခိုင်းတာပါ။

ဒီမဂ္ဂဇင်း ထဲမှာစစ်တပ်နဲ့ပတ်သက်သူတွေ၊ စစ်တပ်ကိုမလွန်ဆန်နိုင် သူတွေ ဝင်ရေးကြတာလဲ ရှိပါတယ်။ ဒါပေမဲ့ ဖဆပလနဲ့ စစ်အုပ်စု လုပ်နေတာတွေကို မကျေနပ် သူတွေကတော့ ဒီမဂ္ဂဇင်းထဲမှာ ဝင်မရေးကြပါဘူး။ ဒါကြောင့် အဲဒီအခါက မြဝတီ မဂ္ဂဇင်းထဲမှာ ဝင်ရေး မရေးဆိုတာဟာ စံတခုလိုတောင် ဖြစ်နေခဲ့ပါတယ်။ မြဝတီမဂ္ဂဇင်း ပေါ်ထွက်လာတဲ့ အချိန်ဟာ ဗမာပြည် အရှေ့ပိုင်းမှာ ကူမင်တန် ကျူးကျော်မှု အခြေအနေ ဆိုးဝါးနေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ မြဝတီ မဂ္ဂဇင်းဟာ ကူမင်တန် တိုက်ခိုက်ရေးကို ကျွဲကူးရေပါ လောက်သာ သဘောထား လုပ်ခဲ့ပြီး အဓိကကတော့ ပြည်တွင်းစစ် အပြုတ်တိုက်ရေး အတွက် အတွေးအခေါ်ရေး၊ နိုင်ငံရေးခံ ကတုတ်ကြီး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ကူမင်တန်နဲ့ တိုက်ပွဲတွေမှာ သူတို့ အနိုင်ရတာ လောက်ကိုသာ အသားပေး ဖော်ပြပြီး ကူမင်တန် နောက်ကွယ်က ဆီးတိုး အုပ်စုကိုတော့ ဘာမှ မဖော်ပြခဲ့ပါဘူး။ သူတို့ဟာ အာဏာရ အသိုင်းအဝိုင်းနဲ့ တိုက်ရိုက် ဆက်စပ်နေတာ ဖြစ်တဲ့ အတွက် သူတို့က စာမူခတွေ၊ တခြားအခွင့်အရေး တွေနဲ့ စာရေးသူတွေကို ဆွဲဆောင်တာတွေ လုပ်ခဲ့သလို တခြားပြိုင်ဘက် မီဒီယာတွေကို ကြော်ငြာ မရအောင် လုပ်တာစတဲ့ နည်းတွေနဲ့ မတရား အနိုင်ကျင့်တာတွေလဲ လုပ်ခဲ့ပါတယ်။ တခြား မဂ္ဂဇင်းတွေထက် အများကြီးပိုထူ၊ ဘလောက်တွေပို သုံးပြီး ဈေးနှုန်းကျတော့ သူများနဲ့ အတူတူ နှစ်ကျပ်ပဲ သတ်မှတ် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြဝတီ မဂ္ဂဇင်းရဲ့အရေးကြီးတဲ့ တာဝန် တရပ်ကတော့ စာပေ လောကသားတွေ အကြား လူမွေးတာ၊ တပါထဲမှာ သပ်လျှိုဖြိုခွဲတာပဲ ဖြစ်ပါတယ်။

တကယ်ကျတော့ လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ မဂ္ဂဇင်းတွေဟာ စာပေ မဂ္ဂဇင်းတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြဝတီကတော့ ပြောင်ကြေညာထားတဲ့ နိုင်ငံရေး တပိုင်း မဂ္ဂဇင်းလို ဖြစ်နေခဲ့ပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက် အတွက် စာပေကို အကာအကွယ် ယူထားတာပါ။ တချိန်ထဲမှာ ပြောလို့ရတာက စစ်တပ်က မြဝတီကို ထုတ်ဝေ လိုက်တာဟာ စစ်တပ်ဟာ နိုင်ငံရေး လုပ်ငန်း လုပ်ပြီလို့ ကြေညာလိုက်တဲ့ သဘော ဖြစ်ပါတယ်။

အဲဒီနောက်ပေါ်ထွက်လာတဲ့ စစ်တပ် မီဒီယာကတော့ တောင်ကြီးကနေ အသံလွှင့်တဲ့ သဇင်ဆိုတဲ့ ရေဒီယို အသံလွှင့် ဌာနပဲ ဖြစ်ပါတယ်။ စစ်တပ်က သူ့ဖာသာ စီစဉ် ထုတ်လွှင့်တာပါပဲ။ အဲဒါက ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲ ကနေ ဆက်ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။ ဒီအသံလွှင့် ဌာနကလဲ အစိုးရကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်နေသူတွေကို ဦးတည်တာပါပဲ။ သူ့ခေတ်ကျတော့ ဦးတည် ရန်သူစာရင်းထဲမှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ပိုတိုး လာပါတယ်။ အဲဒီအချိန်မှာ ရှမ်းပြည်နယ်ဟာ လက်နက်ကိုင် စစ်မြေပြင်ကြီး ဖြစ်နေပါပြီ။

တခါ နဝတနဲ့နအဖအကူးခေတ်မှာတော့ မြဝတီအသံလွှင့်ဌာန၊ မြဝတီရုပ်မြင်သံကြား ဆိုတာတွေ ပေါ်လာ ခဲ့ပါတယ်။ ဒါတွေဟာလဲ စစ်တပ်အာဘော်၊ စစ်တပ်အသံ သက်သက်သာ ဖြစ်ပါတယ်။

ဒီမြဝတီမဂ္ဂဇင်းနဲ့သဇင်အသံလွှင့်ဌာနတို့ရဲ့ အဓိကထူးခြားချက်ကတော့ တည်ရှိနေတဲ့ အစိုးရရဲ့ အချုပ်အကိုင် မခံတဲ့၊ စစ်တပ်ကို အုပ်စီး ထားသူတွေကိုသာ ကိုယ်စားပြုတဲ့ အာဏာစင်ပြိုင် မီဒီယာ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ။ ၁၉၅ဝ စုနှစ်များ အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပြည်သူ လူထုကြီးရဲ့ဖိအားကြောင့် ဦးနုက ပြည်တွင်းစစ် ရပ်စဲရေးကို စဉ်းစား နေချိန်မှာ မြဝတီ မဂ္ဂဇင်းဟာ ဦးနုကို ဖိအားပေး (အကြပ်ကိုင်တာလို့ ဆိုရမလား) တာတွေ လုပ်ခဲ့ပါတယ်။ ဦးနုရဲ့ သဘော တူညီချက် မယူပဲ သူတို့ရဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို အကျယ်အပြန့် ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် ဖဆပလ အကွဲအပြဲမှာ မီးလောင်ရာ လေပင့် အခန်းက ပါခဲ့ပါတယ်။ ဦးနုကို ပယ်ပယ်နယ်နယ် ချတဲ့ ရန်ကုန်ဘဆွေရဲ့“ကိုကြီးကောင်းပြဇာတ်” လိုဟာမျိုးတွေဟာ မြဝတီ မဂ္ဂဇင်းရဲ့ စံကျတဲ့ ပေါ်လစီ စာမူတွေ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ အုပ်စိုးသူတွေဆီက တချိန် ထဲမှာ နှစ်သံကြားနေရတဲ့ ကာလများလို့ ဆိုနိုင်ပါတယ်။

အခုနောက်ဆုံး နအဖစစ်အုပ်စုကဖော်ထုတ်လိုက်တဲ့ မြဝတီ သတင်းစာ ဆိုတာဟာ သူတို့ရဲ့ ရွေးကောက်ပွဲ၊ လွှတ်တော် ဆိုတာတွေ ပေါ်ထွက် လာတာနဲ့ တဆက်ထဲ ဖြစ်နေပါတယ်။ နအဖ စစ်အုပ်စုရဲ့ အာဘော်သက်သက် ဖြစ်မယ်ဆိုတာ ဘယ်သူမှ သံသယမရှိ၊ အငြင်း မပွားပါဘူး။ မေးစရာ ရှိတာက အခုလို သတင်းစာ တစောင် ထပ်ထုတ်ရအောင် အခုထုတ်နေတဲ့ ကြေးမုံ၊ မြန်မာ့အလင်း စတာ တို့နဲ့တင် စစ်အုပ်စု ဝါဒ ဖြန့်ချိရေးက မလုံလောက် တော့လို့လား။ ဒီသတင်းစာတွေက သူတို့စကား နားမထောင်လို့လား။ ဒါမှမဟုတ် သမ္မတရဲ့ သတင်းစာနဲ့ စစ်တပ်ရဲ့ သတင်းစာရယ်လို့ ကွဲပြား ကြတော့မှာမို့လား။ ဗမာပြည် နိုင်ငံရေးနဲ့ မီဒီယာမှာ ကြည့်တတ် သူများအဖို့ စိတ်ဝင်စားစရာတွေ အများကြီး တွေ့လာရစရာ ရှိတယ်လို့ပဲ ဆိုကြပါစို့။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့