..............................

Monday, April 18, 2011

‘ဝ’ ဒေသတွင် စစ်ရေးပြင်ဆင်ထား

စိုင်းဇွမ်ဆိုင်း
Tuesday, 12 April 2011

အခြေအနေ တင်းမာနေသည့် အစိုးရတပ်များနှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များသည် ၎င်းတို့ ရင်ဆိုင် ထားသည့် နေရာများတွင် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

UWSA ထိန်းချုပ်နယ်မြေမှ မန်ရှန်းမြို့အနီးရှိ လွယ်ပန်တောင်ကြောကို စစ်အစိုးရ တပ်များက အခိုင်အမာ ခြေကုပ် ယူထားကြောင်း တွေ့ရှိရသည်။ UWSA တပ်များကလည်း ၎င်းတို့ နယ်မြေအတွင်းမှ တောင်ကုန်းများ ပေါ်တွင် အခိုင်အမာ ဘန်ကာများ တည်ဆောက်ထားကာ စစ်ရေး အသင့် အနေအထားတွင် ရှိနေကြသည်။

မန်ရှန်းမြို့သည် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှ မိုင် ၅၀ ခန့်အကွာတွင် တည်ရှိပြီး UWSA ထိန်းချုပ် နယ်မြေမှ ပထမဆုံးမြို့ ဖြစ်သည်။

လွယ်ပန်တောင် တပ်စခန်းတခုတွင် တာဝန်ယူထားရသည့် အမည်မဖော်လိုသူ မြန်မာစစ်တပ် အရာရှိ တဦးက စစ်အစိုးရ တပ်များနှင့် UWSA တပ်များကြားတွင် စစ်ရေး တင်းမာနေပြီး နှစ်ဘက် တပ်ဖွဲ့များကလည်း လက်ရှိ အခြေအနေပေါ် အထူး ဂရုစိုက်နေကြောင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပြောသည်။

“သူတို့ (UWSA) ခံစစ်ကုန်းတွေကို အခိုင်အမာ တည်ဆောက်ထားတယ်။ သစ်ပင်တွေ ခြုံပုတ်တွေ အကုန် ရှင်းထားတယ်။ တောင်ကုန်းပေါ်ကို တက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ တောင်ကုန်း တခုလုံးကို မြေတူး စက်တွေနဲ့ တူးပြီး မြေစာတွေကို ပြန်ဖြူး ချထားတာဆိုတော့ ခြေချလိုက်တာနဲ့တင် ခြေသလုံး တဝက်လောက် မြုပ်သွားပြီ။ ကုန်းပေါ်က ဘန်ကာတွေ ထဲမှာလည်း ပွိုင့် 5 စက်သေနတ်တွေ ဆင်ထားတယ်လို့ ကျနော်တို့ သိရတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

၎င်းအခြေအနေတွင် အစိုးရ၏ ခြေလျင်တပ်များဖြင့် တိုက်ခိုက်မည်ဆိုပါက ၎င်းတို့ဘက်မှ ထွက်ပေါ် လာမည့် အကျ အဆုံး စာရင်းကို မတွေးရဲ လောက်အောင်ပင် ဖြစ်ရကြောင်း ၎င်းအရာရှိက ဧရာဝတီသို့ ပြောသည်။

“တကယ်တိုက်ကြပြီ ဆိုရင်တော့ ကျနော်တို့ ခြေလျင်တပ်တွေနဲ့ တိုက်တာထက် လေကြောင်းက တိုက်တာက ပိုပြီးမှ ထိရောက် လိမ့်မယ်။ သူတို့ ဘန်ကာတွေဆိုရင် ထင်ထင် ရှားရှားကြီးပဲ။ မြေကြီးတွေကို ပြန်ဖြူး ထားတာလည်း အရောင်က ရဲနေတာပဲ။ တရုတ် နယ်စပ်နဲ့လည်း နည်းနည်း ဝေးနေသေးတော့ ပစ်ခတ်တာတွေ ဟိုဘက်ကို ချော်ပြီး ကျမှာလည်း မကြောက်ရဘူး။ အဓိက ကတော့ ကျနော်တို့ လူကြီးတွေရဲ့ အမိန့်ပဲ” ဟုလည်း ဆက်လက် ပြောဆိုသည်။

လွယ်ပန်တောင်ကြောတွင် စစ်အစိုးရ၏ တပ်များမှာ အနည်းဆုံး တပ်ရင်း ၃ ရင်းခန့်ရှိကြောင်း၊ ၎င်းတပ်ရင်း များမှာ တန့်ယန်း ဗျူဟာ လက်အောက်ခံ တပ်များ ဖြစ်ကြောင်း၊ တပ်စခန်းများ တွင်လည်း ၈၁ မမ စိန်ပြောင်းများ ထားရှိရန် ကွန်ကရစ် ကျင်းများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

စစ်ရေးလေ့လာသူများက UWSA တွင် အင်အား သုံးသောင်းခန့် ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အား အတောင့် တင်းဆုံး အဖွဲ့တဖွဲ့ဖြစ်သည်ဟု ဆိုကြသည်။

လွယ်ပန်တောင်ကြောနှင့် မျက်နှာချင်းဆိုင် အနေအထားရှိနေသည့် UWSA တပ်စခန်းများတွင်လည်း လေကြောင်းမှ တိုက်ခိုက်မှု များကို ကာကွယ်ရန် အတွက် လေယာဉ်ပစ်စက်သေနတ်များ၊ SAM အမျိုးအစား ဒုံးကျည်များကိုလည်း တပ်ဆင်ထားကြောင်း သိရှိရသည်။

UWSA ၏ အမှတ် ၄၁၈ တပ်ရင်းမှ အရာရှိတဦးက “စစ်တပ်ကို ကျနော်တို့ လျှော့တွက်လို့မရဘူး။ ကျနော် တို့က တိုင်းရင်းသား ဆိုပေမယ့် ကျနော်တို့ကို လေယာဉ်နဲ့ မတိုက်ဘူးလို့ မပြောနိုင်ဘူး။ DKBA တပ်တွေကိုတောင်မှ လက်နက်ကြီးတွေ အမြောက်တွေနဲ့ တိုက်ခဲ့ သေးတာပဲ။ ကျနော်တို့လည်း အရမ်း သတိထားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ်က အရှေ့မြောက်ဒေသရှိ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ခေါ် ကိုးကန့် တပ်ဖွဲ့ များကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် အဓိက ပါဝင်ခဲ့သည့် တပ်မ ၉၉ နှင့် ၃၃ မှ အရာရှိ များသည်လည်း UWSA ကို တိုက်ခိုက်ပြီး ၎င်းတို့ ထိန်းချုပ်ဒေသများကို သိမ်းပိုက်နိုင်ရန် စိတ်အား ထက်သန်နေကြောင်း ရှမ်းပြည် မြောက်ပိုင်းမှ သံလွင်မြစ်ကူး တံတားဖြစ်သည့် တာကော်အက် တံတားတွင် လုံခြုံရေး တာဝန်ယူထားသည့် အရာရှိတဦးက ပြောသည်။

“လောက်ကိုင်ဘက်ကို သိမ်းခဲ့တုန်းက ပါခဲ့တဲ့ အရာရှိတွေ အများစုကတော့ ချမ်းသာသွားကြတာ ချည်းပဲ။ အခုလည်း UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းကို တိုက်ချင် နေကြတယ်။ ကျနော့် အမြင်ကတော့ ထင်သလောက် မလွယ်ပါဘူး။ ကိုးကန့် တပ်တွေနဲ့ ‘ဝ’ တပ်တွေရဲ့ အင်အားခြင်းက တအား ကွာတယ်လေ” ဟု အဆိုပါ တံတား လုံခြုံရေး အရာရှိက ပြောသည်။

ဖုန်ကြားရှင် ဦးဆောင်သည့် MNDAA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာတွင် စစ်အစိုးရဘက်မှ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့သည်ဟု အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။

(ဤသတင်းကို ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ရှမ်းပြည်မြောက်ပိုင်း ‘ဝ’ ဒေသ ခရီးစဉ်အတွင်း ရေးသားပေးပို့သည်။)

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့