..............................

Thursday, April 21, 2011

စစ်တကောင်း အဓိကရုဏ်း မြန်မာနိုင်ငံသား ၁၅ ဦးသေဆုံး

ခင်ဦးသာ
Wednesday, 20 April 2011

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်သော ဒေသခံဗုဒ္ဓဘာသာ ၀င်များနှင့် မြေပြန့် ဒေသမှ ရောက်လာ သော ဘင်္ဂလီ အစ္စလမ် ဘာသာဝင်တို့အကြား နှစ်ဆန်း တရက်(ဧပြီ ၁၇)ရက်နေ့၌ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီး တပါးနှင့် လူအများအပြား ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“၁၅ ဦးက စာရင်းအတိအကျ ရထားတာပါ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ရွာ ၇ ရွာ မီးရှို့ ခံရပါတယ်၊ လူ ၃၀၀ ကျော်က ပျောက် နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ဦးစိုးလင်းထွန်းက ဧရာဝတီကို ပြောသည်။

သေဆုံးသူဦးရေသည် ၃၀ ၀န်းကျင်ရှိကြောင်း၊ သေဆုံးသူများ၏ အမည်စာရင်းကို ပြုစုနေဆဲ ဖြစ်ကြောင်း၊ သေဆုံး သူများမှာ သက်ကြီး ရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီး များဖြစ်၍ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း၊ ဘင်္ဂလီလူမျိုး ၃ ဦးလည်း သေဆုံးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

အဓိကရုဏ်းဖြစ်ပွားရခြင်းအကြောင်းသည် ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ စစ်တကောင်း ဒေသရှိ လယ်မြေများကို မြေပြန့်မှ ရောက်လာသော အစ္စလမ် ဘာသာဝင် များက အဓမ္မ၀င်ရောက် လုပ်ကိုင်လာခြင်း၊ အခြေချ နေထိုင်ရန် နေအိမ်များ အဓမ္မ ဆောက်လုပ်ရာကို ဒေသခံများက မကျေနပ်၍ အငြင်းပွားရာမှ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တော့ ဘင်္ဂလီ ၂ ယောက်သေသွားတယ်၊ ဒီတော့ ဘင်္ဂလီတွေ အစုလိုက် အပြုံလိုက် ဓားတွေ၊ တုတ်တွေ ကိုင်ပြီး ထွက်လာပြီးတော့ မြင်တဲ့ သူတိုင်းကို လိုက်သတ်ပါတယ်၊ သက်အမျိုးသမီး ၂ ယောက် အခင်းဖြစ်တဲ့ နေရာမှာပဲ ပွဲချင်းပြီး သေသွားပါတယ်” ဟု ဦးစိုးလင်းထွန်းက ရှင်းပြသည်။

ထိုအရေးအခင်းဖြစ်ပွားမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိရောက်စွာ ဆောင်ရွက် မပေးသည့် အပြင် အဖွဲ့အစည်းများ၊ မီဒီယာများ ၀င်ရောက်ခွင့်ကို တားမြစ် ပိတ်ပင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ရခိုင်အခေါ် ဗိုလ်မင်းထောင် (Bandraban)၊ သက်ထောင် (Ranganmati)၊ ဖလံထောင် (Khakrasari) စသည်ဖြင့် ခရိုင် သုံးခုရှိပြီး ရွာပေါင်း ၄၀၀၀ ၀န်းကျင်နှင့် ရခိုင်၊ မရမာ၊ သက် စသည့် ဗုဒ္ဓဘာသာဝင် လူဦးရေ ၄ သိန်းနီးပါး ရှိကာ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကပင် ထိုဒေသ၌ အခြေချ နေထိုင်လာသူများ ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

“ညမထွက်ရ အမိန့်ထုတ်ထားဆဲပါ၊ စစ်တပ်က ၀ိုင်းထားလို့ ရွာသားတွေ ရွာမှာ မနေကြရဲ တော့ဘူး၊ မီးရှို့ ခံရတာက ညဘက် ဆိုတော့ ညဘက် အိမ်တွေမှာ မအိပ်ရဲလို့ တောထဲတွေမှာ ပုန်းနေကြရတယ်”ဟု ဖလံတောင် ဒေသခံ တဦးက ဆိုသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလမ်ဘာသာဝင်များအကြား အရေးအခင်းငယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း ယခုအကြိမ်သည် ကြီးမားသော အဓိကရုဏ်း တခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင် ကလည်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရကာ အမျိုးသမီးများကို မုဒိမ်းကျင့်သော ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း ဖလံတောင် ဒေသခံက ရှင်းပြသည်။

၎င်း၏အဆိုအရ ယခုဖြစ်ပွားသောအရေးအခင်းအား ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ နောက်ကွယ်က စီမံ ပြုလုပ်ဆောင်ခိုင်းပြီး မီးရှို့ရန် အမိန့် ပေးသူမှာ Zone Cammando Kamarul Hosin ဆိုသူ ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြောင်း သိရသည်။

အရေးအခင်းကြောင့်လူသေဆုံးမှု၊ ဘာသာရေးအဆောက် အအုံများ ဖျက်ဆီးခံရမှု၊ ဖလံတောင် ဒေသရှိ ရခိုင်မင်းများ နေခဲ့သော နန်းတော်အား ဖျက်ဆီးကာ ရှေးဟောင်း အမွေအနှစ်များ ဖျက်ဆီး ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု များအား ဥပဒေအရ ဖြေရှင်း ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) ၏ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက ဧရာဝတီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစ္စလမ် ဘာသာကိုးကွယ်သော နိုင်ငံဖြစ်သော်လည်း ဘာသာရေး လွတ်လပ်ခွင့် ရှိသည့် နိုင်ငံ တနိုင်ငံ ဟု ယူဆကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည်လည်း လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား လိုက်နာသည့် အစိုးရဟု ယုံကြည် ထား၍ ယခုကိစ္စကို ဖြေရှင်း ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဒေသတခုလုံးမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ ပြဿနာတွေကို ဥပဒေကြောင်း အရ ထိရောက်စွာ ဖြေရှင်းပေးဖို့၊ ရှေးဟောင်း အမွေဖြစ်တဲ့ ဖလံတောင်မင်း နန်းတော်ထဲကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးတာကို ထိရောက်စွာ အရေးယူပေးဖို့ အစိုးရကို ပို့ဖို့ စာရေး ထားတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့