..............................

Friday, April 22, 2011

UNFC မှ SSPP/SSA နုတ်ထွက်

မွေခေါင်
Thursday, 21 April 2011

၂၀၁၁ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် အဖြစ်မှ သျှမ်းပြည် တိုးတက် ရေးပါတီ / သျှမ်းပြည် တပ်မတော် (SSPP/SSA) နုတ်ထွက်လိုက် ကြောင်း SSPP / SSA သတင်း များအရ သိရှိရပါသည်။

“UNFC က အဖွဲ့အစည်း၊ လူမျိုး၊ ပြည်နယ် ဒီသုံးခုစလုံးပေါ်မှာ အခြေခံတယ်။ တိုင်းရင်းသား အဖွဲ့ ဖြစ်ရင် UNFC မှာ ၀င်ချင်ရင် ၀င်လို့ရတယ်။ သတ်မှတ်ထားတာ မရှိဘူး။ ပြည်နယ်ကို အခြေခံတဲ့မူကို ကျနော်တို့ လက်ခံတယ်။ ပြည်နယ် ကို အခြေခံရင် ကျနော်တို့ ၀င်မယ်။ အခုတော့ လေ့လာသူ အနေအဖြစ်ဘဲ ပါဝင်မယ်” ဟု SSPP/SSA မှ အရာရှိ တစ်ဦးက ပြောပါသည်။

ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ထိုင်းနယ်စပ် တစ်နေရာ၌ ကျင်းပခဲ့သော UNFC အစည်းအဝေးတွင် SSPP/SSA က အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင် စာတင်လိုက်ခြင်း ဖြစ်သည်။

လောလောဆယ် UNFC အနေဖြင့် ဖေဖော်ဝါရီလ အတွင်းက သဘောတူ ရေးဆွဲထားသော အခြေခံမူများ ပြင်ဆင် ရေးဆွဲလျှက် ရှိသည်။

UNFC စတင်ဖွဲ့စည်းစဉ်က သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် သျှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ RCSS က ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA က အမှန်တကယ် နုတ်ထွက်ပါက UNFC အတွင်း သျှမ်းတိုင်းရင်းသား အဖွဲ့ မရှိတော့သဖြင့် သျှမ်းပြည် အင်အားစု တစ်ခု အနေနှင့် RCSS ပါဝင်လာလျှင် ကောင်းမည်ဟု UNFC အဖွဲ့ဝင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဗိုလ်မှုးကြီး ခွန်ဥက္ကကာ က ပြောဆိုသည်။

“UNFC က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရော မပစ် မရပ်ရော တိုင်းရင်းသား အင်အားစုတွေ စုဖွဲ့တာ ဖြစ်တဲ့ အတွက် သျှမ်းအမျိုးသား ဒါမှမဟုတ် သျှမ်းပြည် ကိုယ်စားပြုတဲ့ အနေနဲ့ တဖွဲ့ဖွဲ့ ပါရင်တော့ ကောင်းတာပေါ့။ မြောက်ပိုင်း SSPP က အကြောင်း အမျိုးမျိုးကြောင့် ခဏ ရှောင်ထားပြီး တောင်ပိုင်းက RCSS ကို အစားထိုး ဖြည့်တင်းဖို့ ညှိနှိုင်း တာမျိုး ရှိမယ်ဆိုရင် ပိုကောင်းတဲ့ လက်ခဏာပါဘဲ။ RCSS က အပစ်မရပ်တဲ့ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် လှုပ်ရှားနေ တာမို့လို့ အလုပ်လုပ်ရင် ပိုပြီး အရေးပါတဲ့ သဘော ရှိတာပေါ့”

UNFC ဖွဲ့စည်းစဉ်က အဖွဲ့ (၁၂) ဖွဲ့ ပါဝင်ရာ ချင်း အမျိုးသား တပ်ဦး CNF ၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၊ ကရင် အမျိုးသား အဖွဲ့ KNO၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU၊ လားဟူး ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ရခိုင် အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ NUPA၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ၀ အမျိုးသားအဖွဲ့ WNO တို့က ယခုနှစ် ဖေဖော်ဝါရီလ အတွင်းဖွဲ့ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့