..............................

Monday, April 11, 2011

မြေအောင်းပွေး

ဂါမဏိ

mole (နာမ်)။ 
၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။
(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာ အဘိဓာန် မှ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင် ကက်စထရို အုပ်စိုးတဲ့ ကျူးဘား နိုင်ငံက မိုင် ၉၀ အကွာ ပင်လယ် ခြားလျက်ရှိတဲ့ နယ်မြေ ဖြစ်ပါတယ်။ ကျူးဘား နိုင်ငံဟာ ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းနိုင်ငံ ဖြစ်တာကြောင့် ကျူးဘား ပြည်ထဲ နေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီ သမားတွေ ဒုက္ခသည်တွေ အတွက် ဖလော်ရီဒါ ပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာ လွတ်မြောက် ဒေသ ဖြစ်နေရုံတင် မက စားဝတ်နေရေး အတွက် ထွက်လာသူ ကျူးဘား ရွှေ့ပြောင်း အလုပ်သမားတွေ အဖို့လဲ အရေးပါတဲ့ အားကိုး ခိုနားရာ ဖြစ်နေပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာအ တိုက်အခံ မျိုးစုံ အတွက် ဗဟိုချက် ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက် အဖွဲ့အစည်း ပေါင်းစုံ ထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင် ထိုးဖောက်ခဲ့ပြီး အဲဒီ အတိုက်အခံ အဖွဲ့တွေကို သတင်း ထောက်လှမ်း ရုံတင်မက ချုပ်ကိုင် စေခိုင်းနိုင်တဲ့ အထိ စွမ်းဆောင် ခဲ့ပါတယ်။ ဒီအတိုက်အခံ အဖွဲ့တွေထဲက အတက်ကြွ အလှုပ်ရှားဆုံး အဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ် ကက်စ်ထရို ဆီကို ၁၀ နှစ်ကျော် လျှို့ဝှက် သတင်း ပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘား အတိုက်အခံ ၄၀-၅၀ လောက်ဟာလဲ တကယ့် လက်တွေ့မှာ ကျူးဘား ထောက်လှမ်းရေး လူတွေ ဖြစ်နေ ခဲ့ပါတယ်။

ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေ လုပ်တဲ့ ထိပ်သီး အတိုက်အခံ အဖွဲ့ရဲ့ အမှုဆောင် ကျူးဘား လေတပ် လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က် ဟာ မထင်မှတ်တဲ့ တနေ့မှာ ကျူးဘား ရုပ်မြင်သံကြားမှာ ပေါ်လာပြီး သူ့အဖွဲ့ကို စီအိုင်အေ သြဇာခံ အဖွဲ့လို့ ရှုတ်ချတာတွေ လုပ်လာမှ ဒီလူဟာ ကက်စထရို မြှုပ်ထားတဲ့ မြေအောင်းပွေးမှန်း အားလုံး သိသွား ကြပါတော့တယ်။ သူ သတင်းပေးလို့ အတိုက်အခံ လေယာဉ် ၂ စင်းကို ကက်စထရို လေတပ် က ပစ်ချ နိုင်ခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန် နိုင်ငံမှာ နေထိုင် အလုပ် လုပ်နေကြတယ် လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘား ထောက်လှမ်းရေး ဗိုလ်မှူး ဖလော်ရင်တီနိုအက်စ်ပီလဂါက ထုတ်ဖော် ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ် လောက်ကစပြီး စီအိုင်အေ သိမ်းသွင်းခဲ့တဲ့ ကျူးဘား လူမျိုး အများစုကြီးဟာ ကက်စထရို အတွက် လျှို့ဝှက် အလုပ် လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လဲ ဖော်ထုတ် ခဲ့ပါတယ်။ ဒီဗိုလ်မှူး ပြောတာ မှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေ အထောက်အထား တွေ့ခဲ့ရပါတယ်။

ကျူးဘားပွေးတွေဟာ အတိုက်အခံခေါင်းဆောင်တွေ၊ ဒုတိယတန်း ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက် အရောင်း အဝယ်သမားတွေ၊ မူးယစ်ဆေး ကုန်ကူး သမားတွေ၊ မီဒီယာ သမားတွေအဖြစ် အသွင်ယူ လှုပ်ရှား နေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘား ရပ်ကွက်က အရက်ဆိုင်တွေ စားသောက် ဆိုင်တွေမှာ လှုပ်ရှား နေကြပါတယ်။ ကျူးဘား ထောက်လှမ်းရေးတွေ မြေအောင်းပွေး တွေကို အဓိက ကွပ်ကဲ ကြီးကြပ်နေတာက တော့ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကျူးဘား သံရုံး ဖြစ်ပါတယ်။

ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေး အဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော် ပေးပြီး ကျူးဘားနဲ့ ပတ်သက်တဲ့ သတင်းတွေ ထောက်လှမ်း ပေးပို့ ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကို အသုံးချပြီး ကျူးဘား ထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ် ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင် အဖွဲ့ကြီးကိုလဲ တန်ပြန် ထောက်လှမ်း၊ ကျူးဘား အတိုက်အခံ အဖွဲ့တွေကိုလဲ ဂျောက်ကျအောင် လုပ်နိုင်ခဲ့ပါတယ်။

ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘား သင်္ဘောသား ဘဝကနေ အမေရိကန်မှာ ခုန်ချပြီး အမေရိကန် အစိုးရ အလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန် အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပအသံ၊ လွတ်လပ်သော အာရှအသံတို့နဲ့ အဆင့်တူ) မာတီ ရုပ်သံလွှင့် ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေးတွေ ထုတ်လွှင့် ခဲ့ပါတယ်။ ၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘား အစိုးရက ရုပ်သံ လှိုင်းကို တိတိကျကျ ထိထိရောက်ရောက် ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက် ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်း ပညာ အချက် အလက်ကြောင့် ချက်ခြင်း အတိအကျ ဖျက်နိုင်တာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ အလုပ်ဆုံး အပြင်းထန်ဆုံး ကက်စထရို ဆန့်ကျင်ရေး အဖွဲ့ တခု ဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်းဆောင် ဖရန်စစ္စကို အဗီလာအက်ဇ်ကျွီ ဟာ အမေရိကန် အက်ဖ်ဘီအိုင်နဲ့ ကျူးဘား ထောက်လှမ်းရေးကို တပြိုင် တည်း လျှို့ဝှက် သတင်းပေးနေသူ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှု တခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီအိုင်ကို သတင်းပို့ အကူညီ ယူခဲ့သလို ကျူးဘား ထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက် အဖမ်းခံ စေခဲ့ပါတယ်။ သူဟာ ကက်စထရို ဆန့်ကျင်ရေး ထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာ လှုပ်ရှား နေထိုင်မှုတွေ ကိုလဲ ကျူးဘား နိုင်ငံဆီ သတင်း ပို့ခဲ့ပါတယ်။

xxxxxx

အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယား အစိုးရထဲ စိမ့်ဝင် ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေး ဝန်ကြီး ဌာန အကြံပေး အရာရှိချုပ် ဖြစ်လာပြီး ကာကွယ်ရေး ဝန်ကြီးရာထူး ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယား နိုင်ငံရဲ့ ဂိုလန် ကုန်းမြင့် ခံစစ် ပြင်ဆင်မှု အသေးစိတ်၊ ဆီးရီးယား တပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက် အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံ ရသွားခဲ့ပါတယ်။ ဒါတင်မက ဆီးရီးယား တပ်စခန်း တိုင်းမှာ 'စစ်သားတွေ အရိပ်ရအောင်' ဆိုပြီး ယူကလစ် ပင်တွေ စိုက်ခိုင်းခဲ့တဲ့ အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေး လက်နက်ကြီးတွေ ချိန်ရ လွယ်သွား စေပါတယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှု ပေါ်သွားလို့ ကွပ်မျက် ခံခဲ့ရပေမဲ့ သူပေးခဲ့တဲ့ အချက်အလက် တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေး စစ်ပွဲမှာ ရက်ပိုင်း အတွင်း ဂိုလန် ကုန်းမြင့်ကို အဇ္ဇရေး တပ်တွေ သိမ်းနိုင် ခဲ့ပါတယ်။

အဇ္ဇရေးနိုင်ငံက နောက်ထပ်နာမယ်ကျော် မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ် ဟာလဲ ဂျာမန် စီးပွားသမား အသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေး အသိုင်းအဝိုင်းထဲ ထိုးဖောက် နိုင်ခဲ့လို့ အိဂျစ် နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကို ကူညီနေတဲ့ ဂျာမန် သိပ္ပံပညာရှင်တွေ အကြောင်း သတင်းရယူပြီး အဇ္ဇရေး နိုင်ငံကို ပို့ပေး နိုင်ခဲ့ပါတယ်။

၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယား တနိုင်ငံလုံးကို သိမ်းလိုက်တဲ့ အခါ ပြုတ်ကျသွားတဲ့ အမေရိကန် သြဇာခံ ဗိုလ်ချုပ်ကြီး လွန်နိုး အစိုးရထဲက ဝန်ကြီး တယောက်ဟာ နှစ်ရှည်လများ မြှုပ်ထားတဲ့ ခမာနီ မြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။ ဒီနှစ် ဧပြီလ ထဲမှာဘဲ တောင်ဗီယက်နမ် လေတပ်ထဲမှာ နှစ်နဲ့ချီ မြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေသူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ် သမတ နန်းတော်ကို ဗုံးကြဲပြီး မြောက် ဗီယက်နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေး ခိုဝင် သွားခဲ့ပါတယ်။

ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို မြေအောင်းပွေး အဖြစ် ရေရှည် မြှုပ်နှံ ကြတာတွေ ရှိသလို တဖက် အဖွဲ့အစည်းထဲက လူတွေကို ချဉ်းကပ် စည်းရုံးပြီး မြေအောင်းပွေး အဖြစ် သိမ်းသွင်း တာတွေလဲ ကမ္ဘာ့နိုင် ငံရေးမှာ ထုံးစံ ဖြစ်နေပါတယ်။

ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေး အဖွဲ့ဟာ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေး အဖြစ် ကိမ်းဘရစ် တက္ကသိုလ် ကျောင်းသား ဘဝကတည်းက စပြီး နှစ်ရှည် မွေးမြူ ခဲ့သလို အမေရိကန် စီအိုင်အေ အဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလဲ နှစ်နဲ့ချီပြီး ပွေး မွေးနိုင်ခဲ့ပါတယ်။ စီအိုင်အေ ကလဲ ရုရှား စစ်ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးကြီး ပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီ ထောက်လှမ်းရေး ထိပ်သီး ဗိုလ်ချုပ်ကြီး အိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်း နိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီက ရတဲ့ အချက်အလက် တွေဟာ ၁၉၆၂ ခု ကျူးဘား ဒုံးပျံ အရေးအခင်းမှာ အမေရိကန် အတွက် အင်မတန် တန်ဖိုးရှိခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီး ကာလူဂျင် ကတော့ ဆိုဗီယက် အာဏာရှင်စနစ် ပြိုကွဲသွားတဲ့ အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံး ဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက် မှာတော့ အမေရိကန်မှာ ခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရား စီရင် ထောင်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

xxxxxx

ဗမာပြည်က နအဖစစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ် အဖွဲ့တွေထဲ မှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစား ခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တာဟာ ဂန္ဓဝင် မြောက်တဲ့ မြေအောင်းပွေး စီမံချက် ဖြစ်ပါတယ်။

ကိုးကန့်ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့် တပ် ပြဿနာ တက်တဲ့ အခါ အဖွဲ့တွင်း အာဏာ သိမ်းပွဲ လုပ်ခိုင်းပြီး နအဖ စစ်တပ်တွေ ဝင်စွက်ခွင့် ရသွား စေပါတယ်။ အလားတူဘဲ ရှမ်းပြည် တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာ သိမ်းပွဲတွေ အကွဲ အပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့ လက်နက် ချစေခဲ့ပါတယ်။ ပလောင်ငြိမ်းအဖွဲ့ မှာတော့ ဥက္ကဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့ လက်နက် ချစေ နိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဌ အောင်ခမ်းထီ တို့ဟာလဲ နာမယ်ကျော် မြေအောင်းပွေး တွေ ဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ကွဲအောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာ ဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်း ပြည်သူ့စစ် အသွင်ပြောင်းအောင် အချိန်ကိုက် စွမ်းဆောင် ပေးခဲ့ကြပါတယ်။

နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထဲမှာလဲ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်း ခဲ့ပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်း မောင်လွင် တို့ကို သိမ်းသွင်း ခဲ့ပုံတွေ၊ နာမယ်ကြီး မျိုးရိုး နောက်ခံရှိ ပြည်ပရောက်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဒေါ်စု အစ်ကိုရင်း အောင်ဆန်း ဦး၊ ကုလ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းရဲ့ သားနှစ်ယောက် တို့ကို သိမ်းသွင်း ခဲ့တာတွေကို ကိုယ်တိုင် ပါဝင် စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဖော်ထုတ် ပြခဲ့ပါတယ်။ အေးလွင်ကိုလဲ စောစောပိုင်း ထောင်ကျ ကတည်းက သိမ်းသွင်း နိုင်ခဲ့တာကို တခြား ထောက်လှမ်းရေး ဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖ ဘက်လိုက်တဲ့ လေသံ တွေ ဗြောင်လွှင့်လာတဲ့ ကနေဒါ နိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယ နိုင်ငံရောက် လေယာဉ် အပိုင်စီး သမား စိုးမြင့်၊ ထိုင်းနိုင်ငံ အခြေစိုက် ဗဟုပိဋက အိုးကွဲ အဖွဲ့တို့ဟာလဲ မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက် ပိဋက အိုးကွဲ အဖွဲ့ဟာ ပွေးဖြစ်တယ် ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချ ခဲ့ပြီးပါပြီ။

xxxxxx

အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေး သတင်းကတော့ ပြည်ပရောက် အတိုက်အခံ တွေထဲ အကြီးဆုံး အဖွဲ့ သို့မဟုတ် ထိပ်သီး အကျဆုံး အဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီ တပ်ပေါင်းစုကြီးရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် သတင်း ဖြစ်ပါတယ်။ အရင်ကတည်းက သူနဲ့ ဆက်တဲ့ ယူဂျီတွေ ထောင်ထဲ ရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီ ညီလာခံ လာတက်တဲ့ ပြည်တွင်းက ကိုယ်စားလှယ် ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ် ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။

ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲ သပိတ်မှောက်ရေး အားကြိုး မာန်တက် လုံးပမ်း နေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့ လွှတ်တော် ဆိုတာကို ဦးမောင်မောင် ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်း ခဲ့တာဟာ ပြည်တွင်း တိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့ လုပ်တာလို့ အများ ထင်စရာ ဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင် တို့ဆီ က သဘောတူ ထောက်ခံကြောင်း အသံဖိုင်ပို့ အကြောင်း ကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသား တွေနဲ့ တခြား ကိုယ်စားလှယ်တွေကို ဆိုးဆိုးဝါးဝါး ဖိုးတွမ်တီး ရိုက်ခဲ့တဲ့ ဧရာမ နိုင်ငံရေး ရာဇဝတ်မှုကြီး ကျူးလွန်တာလဲ ကြားခဲ့ရပါ သေးတယ်။

အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့ အထောက်အထား ခိုင်ခိုင်မာမာ ပေါ်လာ ခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ အဓိက အကျ ဆုံး ဗမာ အတိုက်အခံ ခေါင်းဆောင်ကြီး ဗမာပြည် ခိုးသွားတာကို ထိုင်းထောက်လှမ်းရေး ကလဲ မသိဘဲ မနေပါဘူး။ ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူး ဆိုရင်တော့ တော်တော် ညံ့တဲ့ ထောက်လှမ်းရေး လို့ဘဲ မှတ်ချက် ချစရာ ရှိပါတယ်။ ဘန် ကောက်မှာရှိတဲ့ နအဖ သံရုံးနဲ့ မဲဆောက် တဖက်ကမ်း မြဝတီကို အဲန်စီယူဘီ အစည်းအဝေး သတင်းတွေ အတိအကျ အပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်း ထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်းလိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။

မဲဆောက်က အဝေးရောက် အတိုက်အခံ အဖွဲ့ အတော် များများရဲ့ ရုံးခန်းတွေ ဖောက်ထွင်း ခံရပြီး ကွန်ပျူတာ ဟာ့ဒ်ဒစ် တွေ လက်ပ်တော့ ကွန်ပျူတာတွေ မကြာခဏ ခိုးခံရ တာတွေဟာလဲ အတွင်းလူ မြေအောင်းပွေးတွေ အကူအညီ မပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေး တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက် ဖွဲ့စည်းရေး မပြောခင် ကတည်းက ထိုင်း နိုင်ငံ၊ အမေရိကန် နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ တို့မှာ ဒီမိုကရေစီ ဆန့်ကျင်ရေး စစ်အာဏာရှင် ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။

xxxxxx

ထိပ်သီးပြည်ပရောက်အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေး အမှုကို စစ်ဆေး ဆုံးဖြတ်နိုင်ဖို့ အတွက် စုံစမ်းရေး ကော်မရှင် တခုကို အဲန်စီယူဘီက ဖွဲ့ထားတာ တွေ့ရပါတယ်။

ဗမာပြည်တွင်း ဥပဒေအရ ကြည့်ရင်တော့ အစိုးရ အဆက်ဆက်ဟာ ဒီလို မြေအောင်းပွေး အမှု သို့မဟုတ် သူလျှိုမှု အတွက် ရာဇသတ်ကြီး ဥပဒေ နိုင်ငံတော် သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော် အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျ သတ်မှတ် ထားပါတယ်။ ဒီအမှုမျိုးမှာ အာမခံပေးခွင့် မရှိပါဘူး။ (နအဖ ထိပ်သီး ဗိုလ်ချုပ် ရွှေမန်းရဲ့ မြောက်ကိုးရီးယား ခရီးစဉ် သတင်း ပေါက်ကြား စေခဲ့တယ် ဆိုတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ် ချခဲ့ပါတယ်။)

ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက် တာတွေကလဲ ရာဇသတ်ကြီး ဥပဒေ မမှန်မကန် သက်သေ ခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ ငြိစွန်းနေပြီး ရာဇဝတ် မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀(က)(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုကို အားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လဲ ငြိပါတယ်။ အစိုးရ ဌာနတွင်း စုံစမ်း စစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံး လုပ်နည်းတွေလဲ ရှိပါသေးတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် စစ်မှန်တဲ့တော်လှန်ရေး အဖွဲ့အစည်းများ အနေနဲ့ တော်လှန်ရေး သတိ၊ လုံခြုံရေး အသိတွေ အစဉ် နိုးကြားနေဖို့ လိုအပ် ကြောင်းပါ။

ဂါမဏိ

0 comments:

အပေါ်သို့