..............................

Friday, April 22, 2011

ဆီးရီးယား အရေးပေါ်အမိန့် ရုပ်သိမ်းပြီ

ကြာသပတေး, 21 ဧပြီ 2011

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ကြာသပတေး နေ့မှာ ရုပ်သိမ်းတဲ့ ဥပဒေ တရပ်ကို ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယား အလယ်ပိုင်းဟာ ဟုမ်းစ် မြို့မှာ လုံခြုံရေး တပ်သားတွေကို တိုးပြီး ချထားပါတယ်။

အရေးပေါ်ဥပဒေ ရုပ်သိမ်းကြောင်း မစ္စတာ အာဆဒ် လက်မှတ်ရေးထိုးပြီး အင်္ဂါနေ့က အစိုးရ အဖွဲ့ကို ပေးအပ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ အခုလို အရေးပေါ် ဥပဒေ ရုပ်သိမ်း လိုက်ပေမဲ့ နိုင်ငံ မတည်ငြိမ်အောင် လုပ်နေသူတွေကို ပြင်းပြင်း ထန်ထန် အရေး ယူမယ်လို့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။

ဒီအရေးပေါ်ဥပဒေထဲမှာ ဆန္ဒပြမှုတွေကို ပိတ်ပင်ထားသလို လူထုဆက်သွယ်မှု တွေကို အစိုးရက လျှို့ဝှက် နားထောင်ခွင့်ရှိပြီး သတင်း မီဒီယာကိုလည်း ထိန်းချုပ် ထားပါတယ်။ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အတွက် ဆီးရီးယား နိုင်ငံတ၀ှမ်း ဆန္ဒပြသူတွေက အဓိကထား တောင်းဆို ခဲ့ကြတာပါ။

နိုင်ငံတ၀ှမ်း သောကြာနေ့မှာ အစိုးရကို ဆန္ဒပြဖို့စီစဉ်ထားကြပြီး ဟုမ်းစ်မြို့မှာ ကြာသပတေးနေ့ ကတည်းက စစ်သားတွေ အရပ်ဝတ် လုံခြုံရေး တပ်သားတွေ စပြီး နေရာ ယူထားကြတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အင်္ဂါနေ့က ဟုမ်းစ်မြို့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်သားတွေက ပစ်ခတ်ခဲ့လို့ ထိုင်သပိတ်မှောက် ဆန္ဒပြသူ အများ အပြား သေဆုံးခဲ့ရသလို တနင်္ဂနွေနေ့ကတော့ ၁၂ ဦး သေဆုံး ခဲ့ရပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့