..............................

Thursday, April 21, 2011

ကွန်ရက်ဖွဲ့သတင်း စစ်တပ်အငြိမ်းစားများ ဂယက်ရိုက်

လင်းသန့်
Wednesday, 20 April 2011

မြန်မာ့ တပ်မတော်အတွင်း မျိုးချစ်တပ်မတော်သားများ ကွန်ရက် ဖွဲ့စည်းသည်ဆိုသည့် သတင်း ထွက်ပေါ်လာ မှုကြောင့် အငြိမ်းစား တပ်မတော် အရာရှိများသည် နယ်မြေခံ အာဏာပိုင်များ၏ စုံစမ်း စောင့်ကြည့် ခံနေကြရကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းက တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသော မျိုးချစ် တပ်မတော် သားများက တပ်တွင်း ကွန်ရက် ဖွဲ့ကာ အဆိုပါ ကွန်ရက်မှ ဦးဆောင်ပြီး တပ်မတော် သားများသည် ပြည်သူ့ဘက်မှ ရပ်တည်ရေး အတွက် လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း ဘီဘီစီ နှင့် လွတ်လပ်သော အာရှအသံ(RFA) ရေဒီယို သတင်း ဌာနများတွင် ကြေညာ သွာခဲ့သည်။

“တပ်တွင်းကွန်ရက်ဆိုတာကြီး သတင်းတွေထွက်လာတော့ ကျနော်တို့ ရပ်ကွက် လူကြီးဆိုတဲ့ သူတွေနဲ့ သူတို့ရဲ့ လက်ရုံး တပည့် လေးတွေက စောင့်ကြည့်တာတို့၊ ချဉ်းကပ်တာ စုံစမ်းတာတို့ လုပ်လာတယ်၊ အန်ကယ်တို့ က ဒီကွန်ရက် ဆိုတာကို သိတောင် သိတာ မဟုတ်ဘူး”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူ အငြိမ်းစား ဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာ့တပ်မတော်စစ်သည်အင်အား ၄ သိန်းကျော်ရှိသည့် အနက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၁၁ ဦး၏ လျှို့ဝှက် ဖွဲ့စည်း သည်ဟု ဆိုသော အဆိုပါ ကွန်ရက် ဖွဲ့စည်းမှုသည် မည်မျှ ကိုယ်စားပြုသည်ကို ခန့်မှန်းရခက်ပြီး လက်ရှိ တပ်မတော် သားများနှင့် အငြိမ်းစား တပ်မတော်သား အသိုင်းအ၀ိုင်းမှ အဆိုပါ ကွန်ရက်အပေါ် ယုံကြည်မှု နည်းသော သတင်းများလည်း ထွက်ပေါ်နေသည်။

“ကျနော်တို့ကတော့ ဒါဟာ မဖြစ်နိုင်ဘူးထင်တယ်၊ ကွန်ရက်ဖွဲ့တယ်ဆိုတာ အင်တာနက် သုံးနိုင်မှ ဖြစ်မှာ။ တပ်တွင်း မှာ အင်တာနက် သုံးနိုင်တဲ့ ကွန်ပျူတာ သုံးနိုင်တဲ့ အခြေအနေ အခွင့်အလမ်း အရမ်းနည်းတယ်။ ဖုန်းနဲ့က လုံခြုံမှု မရှိတာကြောင့် လည်းဖြစ်တယ်။ ဒါမျိုး ကွန်ရက်ဖွဲ့ဖို့ ဆိုတာ အလွန်ခက်ပါတယ်။ အငြိမ်းစား တချို့တော့ ဒီသတင်းကြောင့် စောင့်ကြည့် ခံရ တာတော့ ရှိတယ်”ဟု ထိုင်းမြန်မာ နယ်စပ်ရှိ တပ်မတော် အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်သူ အငြိမ်းစားဗိုလ်ကြီးတဦးကမူ “တပ်တွင်း ကွန်ရက်ဖွဲ့တယ် ဆိုတာ ဟုတ်တယ် ဆိုရင်တောင် ကျနော်တို့ တပ်ကနေ အငြိမ်းစား ယူထားတဲ့ သူတွေနဲ့က ဘာမှလဲ မဆိုင်ဘူး။ အခု ရပ်ကွက်ရုံးက လူတချို့က လာမေးတာ၂ ခါ ရှိနေပြီ။ လာမေးတာက ဆက်စပ်နိုင်လား ဆိုတာ စုံစမ်းတာ နေမှာပေါ့။ မိသားစုတွေက စိုးရိမ်တာပေါ့။ သိ တဲ့ အတိုင်း သူတို့ အာဏာရှိသူတွေက လုပ်ချင်တာလုပ်မှာ”ဟု ပြောသည်။

တပ်မတော်သား အငြိမ်းစားအရာရှိကြီးများသည် ယခင်စစ်အစိုးရလက်ထက် စစ်မှုထမ်းဟောင်း အဖွဲ့၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့တွင် အစု ရှယ်ယာဝင်များ၊ အဖွဲ့ဝင်များ အဖြစ် ရှိနေကြပြီး စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိနေ သူများဖြစ်ကြသည်။

သို့သော်လည်း မြန်မာစစ်တပ်တွင် တပ်မှူး၊ တပ်သားများအနေဖြင့် စစ်တပ်ခေါင်းဆောင်များအပေါ် မကျေနပ်မှုများ ရှိသည် မှာ နှစ်ကာလ ရှည်ကြာ ကတည်းက ဖြစ်ပြီး အာဏာဖီဆန်နိုင်သည့် အခွင့်အရေး မည်သည့်အခါမှ မရခဲ့ပေ။

အထူးသဖြင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှား ခံလိုက်ရပြီးနောက် စစ်ထောက်လှမ်းရေး ဟောင်း အများစုက မကျေနပ်မှုများ ရှိနေသည်ဟု သိရသည်။

“ကျနော့်အမြင်ကတော့ တပ်ထဲမှာ ဒီလိုကိစ္စမျိုး ဖွဲ့စည်းဖို့ဆိုတာ အတော်ခဲယဉ်းတယ်လို့ ပြောချင်တယ်။ ဒါဟာ တပ်တွင်းမှာ အင်မတန် ကြီးလေးတဲ့ အပြစ် ကျူးလွန်မှုဖြစ်တယ်။ တကယ် မှန်ကန်တယ် ဆိုရင်တော့ ကြိုဆိုတယ်။ မဟုတ်ရင်တော့ တို့တွေ အနေ ခက်တာပဲ အဖတ် တင်သွားမယ်”ဟု တပ်မတော် စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောသည်။

မြန်မာနိုင်ငံ တပ်မတော်သမိုင်းတလျှောက်တွင် ဖယ်ရှားခံလိုက်ရသော ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေး အဖွဲ့သည် အကြီးမား အကျယ်ပြန့်ဆုံး ဖြစ်ခဲ့သည်။ ခိုင်မာစွာ ဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များသည်ပင်၂၀၀၄ ခုနှစ်တွင် ၀င်ရောက်စီးနင်း၊ ဖမ်းဆီးမှု ပြုလုပ်ခြင်းများကို ခံခဲ့ကြရသည်။

၁၉၇၀ နှစ်လွန်ကာလ အာဏာရှင်ဟောင်း ဦးနေ၀င်း လက်ထက် မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပေါ်ခဲ့ပြီး ဦးဆောင်သူ ဗိုလ်ကြီး အုန်းကျော်မြင့် ကို သေဒဏ် အမိန့် ချမှတ်ခဲ့ပြီးနောက် အင်းစိန် အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက် ခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများအနေဖြင့် ပြည်သူနှင့် လက်တွဲကာ ၄င်းတို့၏ ဆန္ဒကို ပူးပေါင်း ဖော်ထုတ် ပြသခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင်လည်း အပြောင်း အလဲကို လိုလားကြောင်း ဒီမိုကရေစီ ပါတီများကို ဆန္ဒမဲပေးထောက်ခံပြီး ပြည်သူနှင့် တသားတည်း ရပ်တည်ခဲ့ဖူးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့