..............................

Tuesday, March 22, 2011

SSA ၏ တန့်ယန်းမြို့နယ် အုပ်ချုပ်ရေး တပ်ဖွဲ့စာရေး လက်နက်ချ

Monday, 21 March 2011

သျှမ်းပြည်မတော် SSPP/SSA နှင့် နအဖ တိုက်ပွဲ၏ ၈ ရက်မြောက်နေ့တွင် SSA တန့်ယန်းမြို့နယ် အုပ်ချုပ်ရေး တပ်ဖွဲ့ စာရေး လူအင်အား ၁၄ ယောက် နှင့်အတူ နအဖထံ လက်နက် ချခဲ့ကြောင်း သိရသည်။

ယခုလ ၁၉ ရက်နေ့က သျှမ်းပြည် တပ်မတော် SSPP/SSA ၏ တန့်ယန်းမြို့နယ် အုပ်ချုပ်ရေး ရုံးစာရေး စိုင်းမွန်းက လူအင် အား ၁၄ ယောက် လက်နက် ကိုယ်စီဖြင့် တန့်ယန်းမြို့ အရှေ့ဘက် တော်လောက်ရွာ၌ နအဖတပ်ထံ လက်နက် ချခဲ့ခြင်း ဖြစ်သည်။

ဗျူဟာမှုး ဗိုလ်မှုးကြီးခိုင်ဇော်က လက်နက်ချ စိုင်းမွန်းအဖွဲ့အား တန့်ယန်းမြို့တော် ခန်းမ၌ ကြိုဆိုရေး အခမ်းအနား ကျင်းပရန် ဒေသခံ လူထုအား ၂၀ ရက် နံနက် အစောကြီး ကတည်းက ဆင့်ခေါ်ခဲ့ရာ ၎င်းတို့ ရောက်မလာသဖြင့် တနေ့လုံး ထမင်း ငတ်ခံ ရပ်စောင့် ခဲ့ရကြောင်း တန့ယန်း ဒေသခံ တဦးကလည်း ပြောပြသည်။

“တရပ်ကွက် အယောက် ၇၀-၈၀ ဆင့်ခေါ်တယ်။ ဘော်လုံးကွင်း ထဲမှာ တမနက်လုံး နေပူထဲမှာ ရပ်စောင့်ခဲ့ရတယ်။ မနက်စာတောင် ငတ်တယ်။ မနက် ၁၀ နာရီ ကျတော့ သူတို့ ရောက်မလာလို့တဲ့ ပွဲဖျက် လိုက်တယ်တဲ့။ ပြောတုန်းကတော့ မြို့တော် ခန်းမမှာ လက်နက်ချ အဖွဲ့ ကြိုဆိုပွဲနဲ့ ဝန်ချတောင်းပန် စကားပြောပွဲ လုပ်ဖို့လို့ ပြောတယ်” ဟု ဆို၏။

စိုင်းမွန်းဆိုသူမှာ တန့်ယန်းမြို့နယ် ဟိုမန်းအုပ်စု နားပိန်းရွာသား ဖြစ်ပြီး ၎င်းတွင် တပည့် ၈ ယောက်သာ ရှိကြောင်း၊ လက်နက်ချရန် ရွာသား ၆ ယောက်အား ထပ်မံ ဆင့်ခေါ်သဖြင့် စုစုပေါင်း ၁၄ ယောက် ဖြစ်သွားခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဆွေမျိုး သားချင်းကို အကြပ်ကိုင်၍ စိုင်းမွန်းအား မဖြစ်မနေ ဖြားယောင်း စည်းရုံး သိမ်းသွင်းရမည်ဟု ဖိအားပေးခြင်း ခံရသောကြောင့် ဖြစ်ကြောင်း SSPP/SSA အသိုင်းအဝိုင်း ထံမှ သိရသည်။

၎င်းနှင့် ပါတ်သက်၍ သျှမ်းပြည် တပ်မတော်မှ တပ်မှုးတဦးက“ နအဖတပ်ဖက်တောင်မှ အများကြီး သေကြေဒဏ်ရာ ရသွားပြီ ဆိုတော့ ကျနော်တို့ ဖက်က တချို့ လူတွလေဲ အိတ်ဖောင်း စိတ်ပြောင်းလို့ ကိုယ်လွတ် ရုန်းချင်တာ၊ သူရဲဘောကြောင် အညံ့ ခံတာတွေ ရှိမှာဘဲ။ ဗမာတပ်က ကျနော်တို့ကို ဝင်တိုက်လိုက်တာ တခုကောင်းတယ်။ ကျနော်တို့ လူတွေကို အခွံအနှစ် ဆန်ခါတင် စစ်ပေးလိုက်သလို ဖြစ်သွားတယ်။ နောက် ၄-၅ လ ဆို ပိုတောင် တွေ့မြင်လာမယ်။ ဒေါင်ဒေါင်မြည် အနှစ်တွေဘဲ ကျန်မယ်။ တကယ်မျိုးချစ် ပုဂ္ဂိုလ်တွေဘဲ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်” ဟု ပြောဆိုလိုက်သည်။

၂၁ ရက်နေ့ပါ မြန်မာ့အလင်း သတင်းစာတွင်မူ“ စိုင်းမွန်းဦးစီးသော အင်အား ၁၃ ယောက်၊ လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ စက်လတ် ၁ လက်၊ ဘီအေ ၉၃ တလက်၊ ကျည်မျိုးစုံ ၂၉၁ တောင့်၊ ဘီအေ ၉၃ ဗုံးသီး ၁၆ လုံး၊ ၎င်း ပို့ကျည် ၉ တောင့်၊ ကျည်ကတ်မျိုးစုံ ၁၅ ခု၊ စက်လတ် ကျည်ခါးပတ် ၁ ခု၊ နင်းမိုင်း ၃ လုံး ပါရှိသည်” ဟုဖော်ပြ ထားပါသည်။


Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့