..............................

Tuesday, March 22, 2011

ဘူးသီးတောင် စကခမှ စစ်အင်အား ၃၀၀ ကျော် ရှမ်းပြည်နယ်သို့ စစ်ကူပို့

3/21/2011

-------------
တာကလူး
------------
မြန်မာစစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ထိုးစစ်ဆင်နေသည့် အရှေ့ဘက် စစ်မျက်နှာတွင် အင်အား ထပ်ဖြည့်ရန် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ်မှ စစ်အင်အား ၃၀၀ ကျော်ကို ယနေ့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အက်စ်အက်စ်အေကို ထိုးစစ်ဆင်နေသည့် ရှမ်းပြည်နယ်ဘက်တွင် စစ်အင်အား ထပ်ဖြည့်ရန် အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ထိုသို့ စေလွှတ် လိုက်ခြင်းဖြစ်သည်ဟု အမည် မဖေါ်လိုသူ ဘူးသီးတောင် စကခမှ စစ်မှုထမ်း တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ ရှမ်းပြည်နယ်ဘက်ကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ အဓိကတော့ အက်စ်အက်စ်အေကို ထိုးစစ်ဆင်တဲ့ နေရာမှာ အင်အား ထပ်ဖြည့်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းကပဲ ဘူးသီးတောင်ကနေ သင်္ဘောနဲ့ ထွက်သွားကြပါပြီ” ဟု ပြောသည်။

အဆိုပါစစ်ကြောင်းကို ဘူးသီးတောင် စကခမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်ဦးမှ ဦးဆောင်ပြီး၊ စကခ လက်အောက်ခံ အမှတ် (၃၅၄) နှင့် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းများမှ အရာရှိအပါအ၀င် စစ်သားအင်အား ၃၁၄ ယောက်နှင့် အတူ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အရှေ့ဘက်မှလာသော သတင်းများအရ ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရ စစ်တပ်များသည် ရှမ်းပြည်နယ် အတွင်း အက်စ်အက်စ်အေ ထိန်းချုပ် နေမြေများကို လက်နက်ကြီးများ ပစ်ခတ်ပြီး အပြင်းအထန် ထိုးစစ် ဆင်နေကြောင်း သိရှိရသည်။

နအဖစစ်အစိုးရမှ ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းအများအပြားကို ယခုနှစ်နှစ်ဆန်းပိုင်းမှ စ၍ အရှေ့ဘက် ထိုးစစ်တွင် အသုံးပြု နေခြင်းကြောင့် ဒေသအတွင်းရှိ တချို့ တပ်ရင်းများတွင် တပ်သား အလုံအလောက် မရှိတော့၍ တပ်လုံခြုံရေး အတွက် တပ်မိသားစု ၀င်များကို လက်နက် ကိုင်ခိုင်းပြီး ကင်းစောင့် ခိုင်းထားရကြောင်း စစ်တပ်မှ လာသော သတင်းများအရ သိရှိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့