..............................

Tuesday, March 22, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ဒုတိယအကြိမ်တွေ့

လင်းသန့်
Monday, 21 March 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ်က ဒုတိယ အကြိမ် တွေ့ဆုံခြင်းသည် ခိုင်မာသည့် ဆက်ဆံရေး အတွက် ပထမ ခြေလှမ်းဖြစ်သည်ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

“ဒီတခေါက် ဆွေးနွေးဖြစ်တာတွေက နိုင်ငံရေး ကိစ္စတွေပါတယ်၊ NDF ပါတီ ဖြစ်ခဲ့တာကို ရှင်းပြတယ်၊ နောက် ဒေါ်အောင်ဆန်း စုကြည်က မေးတဲ့ လွှတ်တော်တွင်း ကျနော်တို့ပါတီရဲ့ အခြေအနေတွေ သေချာရှင်းပြတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ NDF ထဲဝင်ပြီး ဦးဆောင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့ ပါတီများ၏ ခေါင်းဆောင် အဖြစ် တက်လှမ်း လာမယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော် အတွင်းအပြင် နိုင်ငံရေး ကိစ္စတွေကို သေချာ စိတ်ဝင်တစား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ဦးခင်မောင်ဆွေ က ဧရာဝတီ သို့ပြောသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့က တွေ့ဆုံခြင်းသည် နိုင်ငံရေးအရ ပူးပေါင်း ဆောက်ရွက်ရန် လမ်းစများ ပွင့်လင်းလာသည် ဟု ၄င်းက ဆက်လက် ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ဆိုတဲ့ ပါတီတခုရဲ့ ဥခွံထဲမှာပဲ မနေဘဲ အမျိုးသား နိုင်ငံရေး လမ်းမပေါ်မှာ ပါတီပေါင်းစုံနဲ့ တွဲပြီး နိုင်ငံရေး ခြေလှမ်း ဆက်တက်လှမ်းလာရင် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တာတွေ ဖြစ်လာဖို့ အကြောင်းတွေ အများကြီး ရှိပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် မရှိမဖြစ်တဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်” ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

သို့သော် NDF ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောင်းဘက်က မျှော်လင့် ထားသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ဥရောပ သမဂ္ဂ(EU) မှ သံတမန်များနှင့် တွေ့ဆုံစဉ်က စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု အပေါ် သဘောထား မှာလည်း ကွဲလွဲ နေကြဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနှင့် တရားဝင် ထုတ်ပြန်ထားသော စီးပွားရေး ပိတ်ပင်မှုဆိုင်ရာ သဘောထား ကြေညာချက် အတိုင်း ရှိနေကြောင်း၊ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်စဉ် အတွက် အထောက်အကူ ဖြစ်ရေး ရည်ရွယ်ခြင်း ဖြစ်ပြီး တိုင်းပြည် စီးပွားရေး ချွတ်ခြုံကျရခြင်း၏ အကြောင်းအရင်းမှာ မှားယွင်းသော စီမံ အုပ်ချုပ်ရေး ကြောင့်သာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို တစိပ်တဒေသပဲဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ရုပ်သိမ်း လိုက်တယ် ဆိုရင် ဒါဟာ လက်ရှိ အစိုးရကို မှားယွင်းတဲ့ အရိပ်အယောင် ပြလိုက်တာပဲ ဖြစ်သွားမယ်” ဟူ၍ အဆိုပါ EU သံတမန်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ဧရာဝတီ သို့ပြောသည်။

NDF နှင့် တခြားသော နိုင်ငံရေးပါတီများသည် စစ်ဗိုလ်ချုပ်ကြီးများကို တိုက်ရိုက် ပစ်မှတ် မထားသော ပြည်သူလူထု ထိခိုက်နိုင်သည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများအား ရုပ်သိမ်း ပေးသင့်ကြောင်း EU သံတမန်များကို ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေ က ပြောကြားသည်။

အာရပ်နိုင်ငံများတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေ ရှိ မရှိဆိုသည့် EU သံတမန် များ၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က“မြန်မာပြည်ရဲ့အခြေအနေဟာ ဘာဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်”ဟု ပြောကြား ခဲ့သော်လည်း“လတ်တလောမှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိ”ဟု ဦးခင်မောင်ဆွေက ဖြေကြားခဲ့သည်ဟု ဆို သည်။

ထိုသို့ EU သံတမန်များနှင့် တွေ့ဆုံပြီးနောက်တရက်တွင် NDF ပါတီခေါင်းဆောင်များ ဖြစ်သော ဒေါက်တာ သန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ တို့ နှစ်ဦးသည် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

NDF ပါတီခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး NDF ပါတီ ရပ်တည်ရေး အတွက် စစ်အစိုးရက အပြစ်ရှာ ဖြိုခွဲမည်ကို စိုးရိမ်မှု မရှိကြောင်းလည်း ပြောဆိုသည်။

“လူတွေတော်တော်များများနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နေတာပဲဗျာ၊ ကျနော်တို့ကိုမှ ရွေးပြီး အပြစ်ရှာမယ် လို့တော့ ကျနော်တော့ မထင်ဘူး” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ ဥက္ကဋ္ဌ နှင့် နိုင်ငံရေး ဦးဆောင်သူများကို ရွေးကောက်ပွဲတွင် ရန်ပုံငွေ သုံးစွဲမှုနှင့်ပတ်သက်ပြီး အရေးယူရန် စီစဉ်နေကြောင်း အတည် မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ရွေးကောက်ပွဲကာလ၌ ဥပဒေနှင့်မညီသော ရန်ပုံငွေသုံးစွဲမှု အပါအ၀င် နိုင်ငံရပ်ခြားမှ ငွေကြေး ရန်ပုံငွေများ လက်ခံခဲ့သည် ဟူသော NDF ပါတီအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လွန်ခဲ့သော ၃ လ ကျော်ကတည်းက ရွေးကောက်ပွဲ ကော်မရှင်နှင့် အသေအချာ အားလုံး ရှင်းပြီးသား ဖြစ်သည် ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

“ကျနော်တို့ ပါတီကို ခင်ဗျားပြောတဲ့ အရေးယူမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တော့ လုံးဝ မသိဘူး”ဟုလည်း ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့