..............................

Thursday, March 24, 2011

မောင်းတောတွင် ညမထွက်ရ အမိန့်ထုတ်

ခင်ဦးသာ
Wednesday, 23 March 2011

ရခိုင်ပြည်နယ် မောင်းတောမြို့နှင့် ကျေးရွာတချို့၌ ဒေသခံ စစ်အာဏာပိုင်များက ညမထွက်ရ အမိန့်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ခဲ့ပြီးနောက် ဒေသခံများ ခရီးသွားလာရေး အခက်အခဲနှင့် ကြုံနေကြရကြောင်း သိရသည်။

“မြို့ပေါ်မှာက ၁၀ နာရီကျော် ညမထွက်ရလို့ ပြောပေမယ့် တချို့ရွာတွေမှာ မိုးချုပ်တာနဲ့ ညမထွက်ဖို့ ပြောထားတယ်” ဟုမောင်းတော ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

မောင်းတောမြို့နယ်အတွင်းမှ ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင်၊ တောင်ပြို စသည့် ကျေးရွာများ၌ ညနေ ၆ နာရီ နောက်ပိုင်း အပြင် မထွက်ရန်နှင့် မြို့ပေါ်၌ ည ၁၀ နာရီကျော် အပြင် မထွက်ရ အမိန့် ထုတ်ထားသည်မှာ တပတ်ခန့် ရှိပြီဟု ဒေသခံများ က ပြောသည်။

“အရင်တုန်းကလည်းပဲ တရွာကနောက်တရွာ သွားရင် ရွာလူကြီးက ခွင့်ပြုမှ သွားလို့ရတယ်၊ ညအိပ်ခွင့် မပေးဘူး၊ အခု သတင်း တွေ မျိုးစုံ ထွက်နေတော့ အပြင် မသွားရဲကြ၊ အလုပ် မလုပ်ရဲကြ ဖြစ်နေကြတယ်၊ စစ်တပ်က စစ်ဆေး မေးမြန်းတာတွေ တအား လုပ်နေပါတယ်”ဟု ဒေသခံ အမျိုးသမီးတဦး ကပြောသည်။

ထို့အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ခရီးသွားလာနေကြသော ပြည်သူများ သည်လည်း စစ်ဆေး မေးမြန်းမှုများ ခံနေရခြင်းနှင့် လွတ်လပ်စွာ ခရီးသွားလာ ခွင့် မရခြင်းတို့ ရင်ဆိုင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်းတောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအနီး၌ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီး ခံခဲ့ရသော တာလီဘန် အကြမ်းဖက် ဖောက်ခွဲရေး သမားများနှင့် ဆက်နွယ် ပတ်သက်နေသည်ဟု ဆိုကာ နအဖ အစိုးရ၏ မောင်းတော အခြေစိုက် နယ်စပ် ဒေသ ကွပ်ကွဲရေး ဌာနချုပ်(နစက) က အစ္စလမ် ဘာသာဝင် ၁၀၀ ၀န်းကျင်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့် ဆက်နွယ်နေသူ များကိုပါ လိုက်လံ ရှာဖွေ ဖမ်းဆီးနေ၍ ဒေသခံများလည်း စစ်ဆေးမှု ခံနေကြရခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူများအား နစက စခန်း၌ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ ရခိုင်ပြည်နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းသည် မောင်းတောဒေသ သို့ ယမန်နေ့က ရောက်ရှိနေပြီး ဖမ်းဆီးထားသူများ၏ စစ်ဆေးမှု ကိစ္စများကို ကြီးကြပ် ကွပ်ကဲနေသည်ဟု ဒေသခံများက ဆိုသည်။

“အဖမ်းခံထားရသူတွေက တာလီဘန်တွေ ဟုတ်မဟုတ် သေချာ မသိသေးပါဘူး၊ ရွာတွေမှာ မိုးချုပ်ရင် အပြင် မထွက်ရ၊ တရွာကနေ တရွာ သွားမယ်ဆိုလည်း ကြောက်နေရတယ်၊ တချို့ အိမ်တွေကို ညဘက် အိပ်နေချိန် ရုတ်တရက်ဝင်ပြီး ရှာဖွေတာ၊ စစ်ဆေးတာတွေ လုပ်နေတယ်”ဟု မောင်းတော နယ်ခံ တဦးက ပြောသည်။

တာလီဘန်အဖွဲ့နှင့် ဆက်နွယ်သူဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူများသည် မောင်းတောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာ အနီး၌ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စ၍ အစည်းအ၀းများ ပြုလုပ်ခဲ့ပြီး ဖောက်ခွဲရေး သင်တန်းများ ပေးခဲ့ကြောင်း၊ သင်တန်း ပေးခဲ့သည့် ခေါင်းဆောင် တချို့မှာ ထွက်ပြေး လွတ်မြောက်နေ၍ စစ်တပ်က လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်းတော ဒေသ၌ နေထိုင်သူများ ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အစ္စလမ် ဘာသာဝင်များ ဖြစ်ပြီး ထိုဒေသ၌ နအဖ အစိုးရ၏ စစ်တပ်များ ထူထပ်စွာ ချထားကြောင်း ဒေသခံများက ပြောသည်။

နအဖ စစ်တပ်များရှိသော်လည်း ထိုဒေသ၌ ရာဇ၀တ်မှုမျိုးစုံနှင့် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်ဟု သိရပြီး အကြမ်းဖက် သူများနှင့် ဆက်နွယ်သည်ဟု ဆိုကာ ဖမ်းဆီးမှုများ အနက် ယခု အကြိမ်သည် အရေအတွက် အများဆုံး ဖမ်းဆီးမှု ဟုလည်း ဒေသခံများက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ၌ အကြမ်းဖက်မှု ကိစ္စများကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် ပူးတွဲ ကော်မရှင် ဖွဲ့ထားကြောင်း၊ သို့သော် လက်ရှိ ဖမ်းဆီးထားသော သကာင်္မကင်းသူ တာလီဘန်များ ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာ အစိုးရက အသိပေးခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင် အာရှ ဆိုင်ရာ ညွှန်ကြား ရေးမှူး ဂူလန်ဆာဝန် (Gulan Sarwan) က ပြောဆိုကြောင်း ဗီအိုအေ သတင်းဌာန မြန်မာပိုင်း၌ ရေးသားထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့