..............................

Thursday, March 24, 2011

ကြံ့ဖွံ့အဆို ၂ ခု အတည်ပြု

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်တွင် အဆိုပြုချက်ပေါင်း ၁၇ ခုအနက် ဥပဒေ မူကြမ်း ဖြစ်ရေး ဆက်လက်၍ ဆွေးနွေးရန် အတွက်မူ ကြံ့ဖွံ့ပါတီက တင်သွင်းခဲ့သည့် အဆို ၂ ခုကိုသာ အတည်ပြု ပေးခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် လွှတ်တော် ပြီးဆုံးသွားသည်။

ယခုလ ၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် အဆိုပြုတင်ပြချက် ၁၇ ခု ရှိခဲ့ရာ ကြံဖွံ့ အမတ်များ တင်သွင်းသည့် လူမှု ဖူလုံရေး အဆိုနှင့် အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမား ကျွမ်းကျင်မှု တိုးတက်ရေး အဆို ၂ ခုကိုသာ ဥပဒေ မူကြမ်း ဖြစ်ပေါ်ရေး အတွက် ဆက်လက် ဆွေးနွေးသွားရန် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားပါတီမှ အဆိုပြုသည့် နိုင်ငံတဝှန်း သန်းခေါင်းစာရင်း ပြန်လည် ကောက်ယူရေး အဆိုလည်း အတည် ပြုခဲ့သည်။

သီးခြားစီ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ပြီးဆုံးသော်လည်း အမတ်များ အဆိုပြု တင်ပြချက်များကို ဝန်ကြီးအဆင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့် အဆိုပါ လုပ်ငန်းများ လုပ်ဆောင် နေကြောင်းသာ အများအားဖြင့် ပြန်လည် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော် အမတ်များက မေးခွန်း ၄၆ ခု မေးမြန်းခဲ့ပြီး ဝန်ကြီးများက အချက်ကျကျ ပြန်ဖြေခဲ့ကာ၊ မေးခွန်းများတွင် အားနည်းချက်များ ရှိခဲ့ကြောင်း လွှတ်တော်တက် အမတ်များက ပြောသည်။

အမျိုးသားလွှတ်တော်တွင်မူ အဆို ၁၆ ခု ရှိခဲ့သော်လည်း တခုမျှ အတည် မပြုနိုင်ခဲ့ကြောင်း အမျိုးသား လွှတ်တော်တက် အမတ်များ ထံမှ သိရသည်။ မေးခွန်းပေါင်း ၃၃ ခုကိုလည်း သက်ဆိုင်ရာ ဝန်ကြီးများသို့ မေးမြန်း ခဲ့သေးသည်။

မတ်လ ၉ ရက်နေ့မှစ၍ သီးခြားစီ ကျင်းပခဲ့သည့် လွှတ်တော်နှစ်ရပ် အစည်းအဝေးများသည် ၉ ရက် ကြာမြင့်ခဲ့ပြီး၊ ပြန်လည် ပေါင်းစည်းကာ ပြည်ထောင်စု လွှတ်တော်အဖြစ် ကျင်းပသွားမည် ဖြစ်သည်။

ယနေ့ပြည်သူ့လွှတ်တော်တွင် စစ်တွေမြို့ သောက်သုံးရေ ပေးဝေရေး စီမံကိန်းဆိုင်ရာ မေးခွန်း၊ တိုးတက် ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများတွင် အစိုးရ အနေဖြင့် မည်သို့ အကူအညီ ပေးမလဲ၊ အမျိုးသား ပညာရည် မြင့်မာရေးနှင့် ပတ်သက်သည့် မေးခွန်း၊ ရန်ကုန်မြို့တွင်း လမ်းများကို အဆင့်မြင့် ဆောင်ရွက်ပေးနိုင်ရေး စသည့် မေးခွန်းများ မေးမြန်းခဲ့ကြသည်။

ရခိုင်အမျိုးသား တိုးတက်ရေး RNDP အမတ် ဦးမောင်ညို၏ စစ်တွေ ရေပေးဝေရေး မေးခွန်းကို နယ်စပ် စည်ပင် ဝန်ကြီး ဦးသိန်းညွန့်က ၎င်းတို့ လုပ်ဆောင် နေကြောင်းနှင့် ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအရေး မေးခွန်းကို တပြည်လုံး အတိုင်းအတာဖြင့် လုပ်ကိုင်နေသည်ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင်းလမ်းများ ပြုပြင်ရေး မေးခွန်းကိုမူ မြို့တော်ဝန် ဦးအောင်သိန်းလင်းက မည်မျှ လုပ်ဆောင် ခဲ့ကြောင်းနှင့် လုပ်ဆောင်ရန် ရှိသေးကြောင်း ပြန်ဖြေခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF အမတ် ဦးစိုးဝင်း တင်သွင်းသည့် အသေးစား စက်မှုလုပ်ငန်းများ ဘဏ္ဍာရေး ဆိုင်ရာ ဖြည့်ဆည်းပေးရေး အဆိုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက လုပ်ကိုင်ပေးနေကြောင်း ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော်တွင်မူ ကံ့ဂေါ၊ မန္တလေး၊ ရန်ကုန် ကားလမ်းများ ပြုပြင် တည်ဆောက်ရေး မေးခွန်းနှင့် အမတ် ဗညားအောင်မိုး တင်သွင်းသည့် တောင်သူ လယ်သမားများအတွက် ကောက်ပဲ သီးနှံများကို သင့်တင့်သည့် တန်ဖိုး ရရှိရေး အဆိုတို့ကို ဆွေးနွေး ခဲ့ကြသည်။

ဗညားအောင်မိုး၏ အဆိုကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦးက ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင် နေကြောင်း ပြန်လည် ဆွေးနွေးသည်ဟု NDF အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့