..............................

Wednesday, July 28, 2010

ထက်ထက်မိုးဦး အမှု ဆက်လက်ကြားနာ၊ သတင်းထောက်များ တရားခွင် ၀င်ခွင့်မရ

မင်းနိုင်သူ Tuesday, July 27, 2010

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ အမှုအတွက် တရားလို ထွက်ဆို ချက်များအား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ စတင်ကြားနာ ခဲ့သော်လည်း သတင်းထောက်များကို တရားခွင် အတွင်း ၀င်ရောက်ခွင့် မပေးခဲ့ကြောင်း သတင်းထောက် တဦး က ဧရာဝတီသို့ ပြောသည်။

ယနေ့တရားခွင်သို့ ၎င်းအပါအ၀င် ဂျာနယ်တိုက် ၅ တိုက်မှ သတင်းထောက်များ သွားရောက်ခဲ့ရာ ၀င်ရောက်ခွင့် မရခဲ့ကြောင်း သတင်းထောက် တဦးက ဧရာဝတီသို့ ပြောသည်။

“အရင် အခေါက်တွေ တုန်းကလည်း တရားခွင်ထဲ ၀င်ရောက်ခွင့် မပေးဘူး၊ ဒီနေ့လည်း မပေးဘူး၊ တရားခွင်ထဲမှာ မအေးသူစံနဲ့ သူ့ရှေ့နေ ဦးသန်းထွန်းအောင်၊ ထက်ထက်မိုးဦး ဘက်က သူ့အမျိုးသားနဲ့ သူ့ရှေ့နေ ဦးစိန်မြင့်၊ တရားသူကြီး ဒါပဲရှိတယ်၊ ကျနော်တို့က အပေါက်ဝကပဲ နားထောင်ရတယ်၊ ဘာတွေ မေးတယ် ဆိုတာလည်း သဲသဲကွဲကွဲ မကြားကြရဘူး"ဟု တရားခွင်သို့ သွားရောက်ခဲ့သည့် သတင်းထောက်က ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“ဒီနေ့ မအေးသူစံကို တရားသူကြီးက စတင်စစ်မေးပါတယ် ၊ ထက်ထက်မိုးဦးကတော့ ကိုယ်တိုင် မလာပါဘူး ၊ သူ့အမျိုးသားနဲ့ သူ့ ရှေ့နေတို့ လာပြီး ကျန်းမာရေးကြောင့် မလာရောက်နိုင်ကြောင်း တရားရုံးကို တင်ပြသွားတယ်"ဟု ရုံးချိန်းရောက်ခဲ့သည့် 7Day ဂျာနယ် အယ်ဒီတာ တဦးကလည်း ပြောသည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အမှုစွဲတင်ခဲ့အပြီး တတိယမြောက်ရုံးချိန်းဖြစ်သော ဇူလိုင် ၁၃ ရက်နေ့တွင်မှ ထက်ထက်မိုးဦးသည် သူမ၏ ရှေ့နေ ဦးစိန်မြင့်နှင့် အတူ ရန်ကင်း တရားရုံးသို့ လာရောက်ခဲ့ပြီး ယခုရုံးချိန်းတွင် ကျန်းမာရေး မကောင်းသဖြင့် တရားရုံးသို့ မတက်ရောက်နိုင်ကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့တရားခွင်သို့ သွားရောက်ခဲ့သည့် တခြားသော သတင်းထောက်တဦးက "ထက်ထက်မိုးဦးရဲ့ အမျိုးသား ဇူးမြတ်ထက်က ဆေးထောက်ခံစာတွေ ယူလာပြီး တင်ပြတော့ တရားသူကြီးက တရားရုံး လုပ်ထုံး လုပ်နည်း ပုဒ်မ ၂၀၅ အရ တရားလိုဘက်ကို စစ်ဆေးနေစဉ် အတွင်း ထက်ထက်မိုးဦး မလာရောက်ရင်လည်း ရကြောင်း ၊ တရားရုံးက လိုအပ်လို့ ခေါ်တဲ့ အချိန်မှာတော့ လာရောက်ဖို့ ဆိုပြီး ပြောလိုက်တယ်လို့ ပြန်သိရတယ်"ဟု ပြောသည်။

ဇူလိုင် ၁၃ ရက် တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှု စွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦး ဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံ ရယူထားသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားကြောင်း ရန်ကုန် အခြေစိုက် ရှေ့နေတဦးက ပြောသည်။

မင်းသမီးနှင့် သတင်းထောက်အမှုကို စာနယ်ဇင်းအသိုင်းအ၀န်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အဆိုပါ အမှုကို ငွေဒဏ်ဖြင့်သာ အဆုံးသတ်မည်ဟု ယူဆမိကြောင်း ရန်ကုန် အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“နိုင်ငံရေးအမှုတွေမှာ ထင်သာမြင်သာဖြစ်ဖို့ ၊ အများနားထောင်နိုင်တဲ့ တရားခွင်ဖြစ်ဖို့မပြောနဲ့ အခု သတင်းထောက်ကို မင်းသမီးက ရိုက်နှက်မှုမှာတောင် ဘယ်သူမှ ၀င်ခွင့်မရဘူး ၊ ဒါ့ကြောင့် ဒီအမှုမှာ စာနယ်ဇင်းသမား ဘယ်လောက်ပဲ စော်ကားခံခဲ့ရ ခံခဲ့ရ နောက်ဆုံးတော့ ငွေဒဏ်နဲ့ပြီးမှာပဲ၊ ဒါကို စာနယ်ဇင်းသမားတွေ ဘာလုပ်ကြမလဲ ဆိုတာ စဉ်းစားကြဖို့ လိုပြီ ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့