..............................

Thursday, July 29, 2010

ပြည်ထောင်စု ဒီမိုကရေစီပါတီ စာစောင် ထုတ်ဝေ

မျိုးဝင်းဇော်
၂၈ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အာဘော်ကို ထင်ဟပ်သည့် ပါတီ စာစောင်တခု ထွက်ပေါ်လာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြည်တွင်းမှ ဂျာနယ်အယ်ဒီတာတဦးက “ပြည်ထောင်စု ဒီမိုကရေစီပါတီက ထုတ်ဝေတဲ့ The Union ဆိုတဲ့စာစောင် ဝယ်ပြီး ဖတ်ရတယ်။ အဓိကကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ အာဘော်လို့ ဆိုနိုင်ပေမယ့် အကြောင်းအရာမျိုးစုံ ဖော်ပြထားတယ်။ ထူးခြားတာကတော့ လက်ရှိ စစ်အစိုးရနဲ့ သဘောထားခြင်း ကွဲလွဲတာ အများကြီး ဖော်ပြထားတယ်။ တရားဝင် ထုတ်ဝေခွင့်ရတဲ့ စာစောင်တခုမှာ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မှု မရှိနိုင်ဘူး ဆိုတာမျိုး အပါအဝင် စစ်အစိုးရနဲ့ သဘော မတူတာတွေ ဖော်ပြခွင့် ရတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ကျနော်တို့ ပြည်တွင်းထုတ် ဂျာနယ်တွေ အားလုံးကတော့ စစ်အစိုးရက သူနဲ့ သဘောထား ကွဲလွဲတာတွေ ဖော်ပြရင် အကုန် ပိတ်ပင်ပစ်တယ်။ ဦးသုဝေ၊ ကိုဖြိုးမင်းသိန်း၊ ဒေါ်သန်းသန်းနု ဘယ်သူပြောပြော သဘောထားခြင်း မတူတာဆိုရင် ပိတ်ပင်ပစ်တယ်” ဟု ပြောသည်။

အဆိုပါ စာစောင်သည် နိုင်ငံရေးပါတီများကို ကင်းလွတ်ခွင့် ပြုထားသည့် နသ ဝဝ၅ မှတ်ပုံတင်ဖြင့် ထုတ်ဝေခြင်း ဖြစ်ပြီး (၁ဝ) လက်မခွဲ၊ (၁၅) လက်မ ဂျာနယ်ဆိုက် ဖြစ်သည်။

ပြည်ထောင်စုဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “(၂၇) ရက်နေ့က စတင်ဖြန့်ချိပါတယ်။ အဲဒီနေ့ကပဲ စာပေ စိစစ်ရေးကိုလည်း (၁၀) စောင် ပေးလိုက်ပါတယ်။ ကျနော်တို့က စာပေ စိစစ်ရေးကိုတော့ မတင်ပါဘူး။ ကျနော်တို့က ထုတ်ပြီးမှ တင်တာပါ။ ပြည်တွင်းမှာ ထုတ်တဲ့ စာစောင်တွေ အတော်များများက တင်ပြီးမှ ထုတ်တာပါ။ ကျနော်တို့က နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် စာပေ စိစစ်ရေးရဲ့ ကြေညာချက် (၄၂) ရှိတယ်လေ။ အဲဒီ (၄၂) မူဘောင်ထဲကနေ ထုတ်တာပါ။ ဒီဘောင်ထဲက မကိုက်ညီဘူးလို့ သူတို့ ပြောလာမယ်ဆိုရင် ကျနော်တို့က ငွေ (၅) သိန်း စဘော် တင်ထားရတယ်လေ။ အဲဒီငွေထဲက သူတို့ ဖြတ်မယ်ပေါ့ဗျာ။ ဒါမှမဟုတ်လည်း နသ သိမ်းမယ်ပေါ့” ဟု ပြောကြားသည်။

The Union စာစောင်ကို ကျပ်ငွေ (၅ဝဝ) ဖြင့် ရောင်းချပြီး ပထမဆုံး အနေဖြင့် စောင်ရေ (၁,၅၀၀) ထုတ်ဝေကာ ပါတီ ဗဟိုအလုပ်အမှုဆောင်များ အနေဖြင့် ပါတီရုံးမှတဆင့် နီးစပ်ရာများသို့ ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း၊ အမှတ်စဉ်နှင့် ထုတ်ဝေခြင်း ဖြစ်သည့်အတွက် အလျဉ်းသင့်သလို ထုတ်ဝေမည် ဖြစ်သော်လည်း (၁၅) ရက်တကြိမ် ထုတ်ဝေရန် ကြိုးစား သွားမည်ဟု ၎င်းက ပြောသည်။

စာစောင်ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက “အဓိက စာစောင်ထွက်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနဲ့ ပြည်သူလူထုနဲ့ နီးကပ်စေဖို့အတွက် ကျနော်တို့ပါတီက ဆောင်ရွက်နေမှု အခြေအနေတွေကို ပြည်သူလူထု သိနိုင်ဖို့ ထုတ်တာပါ။ နောက်တခုကတော့ ကျနော်တို့ ပါတီရန်ပုံငွေ အတွက် အထောက်အကူ ဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

The Union စာစောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အားနည်းချက်များကို ဝေဖန်ထောက်ပြ ထားပြီး စစ်အစိုးရနှင့် ကြံ့ဖွံ့ပါတီ စည်းခြားရန်၊ ကြံ့ဖွံ့အသင်းနှင့် ကြံ့ဖွံ့ပါတီ စည်းခြားရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ သတင်း မီဒီယာများကို လွတ်လပ်ခွင့်ပြုရန် စသည်တို့ကို တောင်းဆိုထားသည်။

အဆိုပါစာစောင် မထုတ်ဝေမီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက တလတကြိမ် ထုတ်ဝေသည့် တိုင်းရင်းသား သတင်းလွှာ စာစောင်ရှိပြီး စာမျက်နှာ (၈) မျက်နှာ ပါရှိသည်။

ယင်းစာစောင်တွင်မူ တစည ပါတီခေါင်းဆောင်များနှင့် ပါတီလှုပ်ရှားမှုတို့ကို စစ်အစိုးရ သတင်းစာ ဆန်ဆန် ရိုက်နှိပ်ထားပြီး လက်ရှိ အစိုးရနှင့် သဘောထားခြင်း ကွဲလွဲမှု မရှိသည့် ပါတီ မူဝါဒများသာပါပြီး ပါတီဝင် အများစုထံသို့သာ ဖြန့်ဝေသည့် အတွက် ပြည်သူလူထုထံ သိပ်မရောက် သကဲ့သို့ ဖတ်ရှုရသည့် ပြည်သူများကလည်း စိတ်ဝင်စားမှု မရှိကြပေ။

အလားတူ ကရင်ပြည်သူ့ပါတီက နိုင်ငံရေးကင်းလွတ်ခွင့်ဖြင့် ထုတ်ဝေသည့် စာစောင်ငယ်တွင်လည်း စစ်အစိုးရနှင့် သဘော ကွဲလွဲသည့် စစ်အစိုးရ ငြိုငြင်စေမည့် အကြောင်းအရာများ မပါဝင်ပေ။

လက်ရှိနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးဖြစ်သည့် ပါတီများသည် နိုင်ငံရေးဆိုင်ရာ ကင်းလွတ်ခွင့် မှတ်ပုံတင် လျှောက်ထားပြီး စာပေစိစစ်ရေးသို့ မတင်ပြဘဲ စာစောင် ထုတ်ဝေခွင့် ရရှိသော်လည်း ပါတီအချို့မှာ စာစောင် မှတ်ပုံတင်ကြေး (၁) သိန်းနှင့် အာမခံကြေး ကျပ် (၅) သိန်း မတတ်နိုင်သဖြင့် လိုင်စင်လျှောက်ထားခြင်း မပြုနိုင်ကြကြောင်း သိရသည်။

နအဖစစ်အစိုးရသည် နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများကို ပြည်တွင်းထုတ် ဂျာနယ်တို့တွင် ပိတ်ပင် တားမြစ်နေသည့် အတွက် ယခုကဲ့သို့ နိုင်ငံရေးပါတီ စာစောင်တခု ထွက်လာခြင်းကို ပြည်တွင်း ဂျာနယ် အယ်ဒီတာ သတင်းထောက်များက ကြိုဆိုကြကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့