..............................

Tuesday, July 27, 2010

ဝါဆိုလပြည့်နေ့တွင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံလာခွင့် ပိတ်ပင်ခံရ

ရဲရင့်
၂၆ ဇူလိုင် ၂၀၁၀

ယနေ့ကျရောက်သည့် ၀ါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် မြ၀တီမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ၀ါဆို သင်္ကန်း သွားရောက် ဆက်ကပ်ကြမည့် ထိုင်းဘက်ခြမ်းမှ မြန်မာ အလုပ်သမား (၂,၅၀၀) ခန့်ကို ကာဖျူး ထုတ်ထားသည်ဟု ဆိုကာ မြန်မာ အာဏာပိုင်များက ကမ်းတက်ခွင့် ပိတ်ပင်ခဲ့သည်။

အဆိုပါ အလုပ်သမားများမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ထိုင်းဘက်ခြမ်း ကမ်းနဖူး တလျှောက်ရှိ ထိုင်းအလုပ်ရုံ စက်ရုံများတွင် အလုပ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ကို နယ်ခြားသောင်ရင်းမြစ် ခြားကာ တဘက်ကမ်းတွင် မြန်မာနိုင်ငံ မြ၀တီမြို့ရှိပြီး ထိုင်းနိုင်ငံ ဘက်တွင် မဲဆောက်မြို့ တည်ရှိသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ချိန်ရွယ်ခြင်း ခံရသည့် အထည်ချုပ် စက်ရုံမှ အလုပ်သမ မနွယ်နွယ်က “ကျမတို့ အမှတ် (၂) ဂိတ်ကနေ ကူးပြီး မြ၀တီဘက်ခြမ်း ကမ်းနဖူး အတက်မှာ ရဲနဲ့ စစ်သားတွေ သေနတ်တွေနဲ့ ချိန်ပြီး အမိန့် ထုတ်ထားတာ မသိကြဘူးလား၊ သေချင်လို့လား ဆိုပြီး ထိုင်းဘက်ခြမ်းကို အတင်း ပြန်မောင်းထုတ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများက နှစ်စဉ် အခါကြီးရက်ကြီးများတွင် မြ၀တီရှိ ဘုန်းကြီးကျောင်း များသို့ သွားရောက်ကာ အလှူအတန်း ပြုလုပ်လေ့ ရှိသည်။

ထိုင်းနိုင်ငံဘက်တွင် အလုပ်သမားများသည် ဖမ်းဆီးခံရ၊ နှင်ထုတ်ခံရပါက မြ၀တီရှိ ကျောင်းတိုက်များက လက်ခံကျွေးမွေး အကာအကွယ် ပေးသည့်အတွက် ကျေးဇူး ဆပ်သည့် အနေဖြင့် မိမိတို့ ချွေးနှဲစာဖြင့် ရရှိသည့် လုပ်အားခကို ယခုကဲ့သို့ အခါကြီး ရက်ကြီး နေ့မျိုးတွင် သွားရောက် လှူဒါန်းကြခြင်း ဖြစ်သည်ဟု သိရသည်။

အမှတ် (၁၇) လှေဆိပ်မှ မြ၀တီဘက်ကူးသည့် အလုပ်သမား ကိုကုလားကြီးကလည်း “မြန်မာဘက်ခြမ်း ဂိတ်က စစ်သားတွေက ဘယ်သူ့ကိုမှ ကမ်းတက်ခွင့် မပြုဘူး၊ လူကြီးတွေ အမိန့်ပေးထားတယ်၊ ပြောမရရင် ပစ်သာပစ်၊ ငါတို့ ရှင်းမယ်ဆိုတဲ့ အကြောင်း သူတို့ ပြောတယ်။ အခု ဂိတ်တွေမှာ လာစောင့်တဲ့ စစ်သားတွေဟာ လူသစ်တွေ များတယ်၊ ပိုက်ဆံပေးလို့လည်း မရဘူး၊ အလုပ်သမား တွေကလည်း တနှစ်မှ တခါဆိုတော့ လှူချင် တန်းချင်ကြတာပါ။ နောက်ပြီး ဒီကျောင်းတွေကလည်း အလုပ်သမားတွေ အပေါ်မှာ ကျေးဇူးရှိတယ်” ဟု ပြောသည်။

ဗုဒ္ဓဘာသာအများစု ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အလှူအတန်း ပြုခွင့်ကို ခြွင်းချက် အနေဖြင့် ခွင့်ပြု သင့်သည်ဟု အမှတ် (၂) ဂိတ်သို့ သွားရောက်ခဲ့သည့် အလုပ်သမားများ အရေး ကူညီ ဆောင်ရွက် ပေးနေသည့် JACBA အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ဒီနယ်စပ်မျဉ်း အနီးအနား စက်ရုံတွေမှာ မြန်မာ အလုပ်သမား (၂) သောင်းလောက် ရှိတယ်။ အဲဒီထဲက (၂) ထောင် ကျော်က နှစ်တိုင်း သွားနေကြတာ။ အခုတော့ ဆိုးဆိုးရွားရွားနဲ့ကို မောင်းထုတ်ပြီး သေနတ်တွေနဲ့ ပစ်မယ်ခတ်မယ် ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ဒီနေ့ဆိုရင် တယောက်မှ သွားလို့ မရဘူး။ မနေ့ကဆိုရင် မြ၀တီကို ခိုးကူးတဲ့ ကုလားလေးတယောက် သူတို့ သေနတ်နဲ့ ပစ်တာ သေသွားတယ်” ဟု ပြောသည်။

မြ၀တီမြို့သို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်း ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာပြီး နယ်စပ် ဂိတ်များကို အတိအကျ ပိတ်ထားရန်နှင့် နယ်စပ် လုံခြုံရေး အတွက် ပစ်မိန့်ပါ ပေးထားသည်ဟု မြန်မာ လက်နက်ကိုင် တပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြည်နယ်ဥက္ကဋ္ဌ အတော့်ကို စိတ်ဆိုးနေတယ်။ ကရင်ငြိမ်းအဖွဲ့တွေကိုလည်း စကားအပြတ် ပြောသွားတယ်။ အထူးသဖြင့် ဒီကေဘီအေကို သူပြောတာက နယ်စပ်ဂိတ်ကို ပိတ်တာ နေ့ပိတ်ပြီး ညဘက် မင်းတို့ကို ဖွင့်ခိုင်းတာ မဟုတ်ဘူးလို့ ပြောသွားတယ်။ အခြေအနေက တင်းမာနေတော့ ဒီကေဘီအေလည်း သူ့ဂိတ်ကနေ လူတွေ မပေးကူးတော့ဘူး” ဟု ပြောသည်။

ယခုလ (၁၈) ရက်မှစတင်ကာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ရှိသည့် အတွက် လုံခြုံရေး အကြောင်း ပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားနှင့် တံတားဘေး ၀ဲယာရှိ လှေဂိတ်များကို မြန်မာဘက်မှ ပိတ်ပင်ထားခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့