..............................

Wednesday, July 28, 2010

အန်ဒီအေ (ကချင်) တပ်မှူးဟောင်းများ မည်သည့် လုပ်ပိုင်ခွင့်မျှ မရှိ

လင်းနိုင်ဦး
၂၇ ဇူလိုင် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) နယ်မြေ အတွင်းတွင် တပ်မှူး ဟောင်းများသည် လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် လုံးဝ မရှိတော့သည့်အတွက် စိတ်ဓာတ် ကျဆင်းနေကြကြောင်း သိရသည်။

အချို့ အန်ဒီအေ အရာရှိဟောင်းများသည် မိမိကိုယ်မိမိ သတ်သေမှုများပင် ရှိနေကြောင်း ကမ်ပိုင်တီနယ်မြေမှ တပ်မှူးဟောင်း တဦးက ပြောသည်။

၎င်းက “အရင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူဟောင်းတွေ အခု ဘာသြဇာ၊ ဘာ လုပ်ပိုင်ခွင့်မှ မရှိတော့ဘူး။ တချို့ ဆင်းလည်း ဆင်းရဲ ကြတယ်။ အရာရာကို နယ်ခြားစောင့်တပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဗျူဟာကပဲ ခြယ်လှယ်နေတော့ စိတ်ဆင်းရဲ နေကြတယ်။ ပြီးခဲ့တဲ့ အပတ်ကဆို အရင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အန်ဒီအေ ကမ်ပိုင်တီ စစ်ဦးစီးဌာနက လဇွန်ဟောင်းခေါင် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ် သေသွားတယ်။ အလားတူ ဂျွန်ဖောက်လည်း ဒီပုံစံ သေသွားတယ်။ လက်ရှိ ဒေသခံ တပ်မှူးဟောင်းတွေ အားလုံး စိတ်ဓာတ် ကျနေကြတယ်” ဟု ပြောဆိုသည်။

စစ်အစိုးရ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ရေးရာဌာနမှ ဗိုလ်ချုပ်မောင်မောင်ဦး ရောက်လာပြီးနောက် အခြေအနေ ပိုမို ဆိုးဝါးလာကြောင်း အဆိုပါ တပ်မှူးဟောင်းက ရှင်းပြသည်။

ဗိုလ်ချုပ်မောင်မောင်ဦးက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား တပ်ဝင်ငွေရရန် စီးပွားရေး လုပ်ရန်လိုအပ်ပြီး တရားဝင် လုပ်ငန်းဖြစ်စေ၊ တရားမဝင် လုပ်ငန်းဖြစ်စေ လုပ်ပိုင်ခွင့် ရှိကြောင်း၊ ဒေသတွင်း လုပ်ကိုင်နေသည့် သစ်တောလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လောင်းကစား လုပ်ငန်းတို့သည် တရားဝင်သည်ဟု မရှိကြောင်း၊ ထို့ကြောင့် တပ်ရန်ပုံငွေ ရရေး ရဲရဲတင်းတင်း လုပ်ကိုင်ကြရန် ပြောဆို သွားကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက်ပိုင်း နယ်ခြားစောင့်တပ်သည် နယ်မြေခံ ယခင် ခေါင်းဆောင်ဟောင်းများ၏ အမိန့်ကို မနာခံရုံ သာမက ဘာလုပ်လုပ် ၎င်းတို့ထံ ခွင့်တောင်းရမည်ဟု အမိန့် ထုတ်ခြင်းများပင် ရှိလာကြောင်း သိရသည်။

အန်ဒီအေ တပ်ရင်းမှူးဟောင်းတဦးက “နယ်ခြားစောင့်တပ်က ဒေသခံ ရဲဘော်တွေကလည်း အစိုးရ စစ်ဗျူဟာက အမိန့်ပဲ နာခံ နေတော့တယ်။ ဒီဒေသအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေလည်း မသိ၊ တပ်သားဟောင်းတွေ ဆိုလည်း ဂရုမစိုက်တော့ဘူး။ ဦးဆခုံတိန့်ယိန်းကို လုံခြုံရေး ယူပေးနေတဲ့ တပ်ဖွဲ့တောင် သူ့ကို သိပ်စေတနာ မပါတော့ဘူး” ဟု ပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သည့် အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်းတဦးကမူ လက်ရှိ အန်ဒီအေ ဒေသသည် သဘာဝ သယံဇာတများလည်းကုန်၊ တော်လှန်ရေးကာလ သေသည့်သူများလည်း သေ၊ မသေဘဲ ကျန်ရစ်သူများလည်း လုပ်ပိုင်ခွင့်၊ ခံစားခွင့်တို့ မရှိဘဲ စစ်အစိုးရ လက်အောက် ကျရောက်သွားသဖြင့် အခြား လက်နက်ကိုင် ငြိမ်းအဖွဲ့များ အနေဖြင့် ဦးဆခုံတိန့်ယိန်းကဲ့သို့ စစ်အစိုးရ အလိုကျ တပ်ကို မလုပ်သင့်ကြောင်း ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့