..............................

Tuesday, July 27, 2010

လမ်းခင်းပေးမည်ဟုဆိုကာ ကြံဖွံ့ပါတီ ကြိုတင်မဲ ကောက်ခံ

ခိုင်စု
တနင်္လာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် စစ်အစိုးရ ထူထောင်ထားသော ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသည် လမ်းခင်း ပေးမည်ဟု ဆိုကာ ပါတီဝင် အရေအတွက် တိုးရေးနှင့် ကြိုတင်မဲရရှိရေး ကြိုးပမ်းလျှက် ရှိသည်ဟု ဒေသခံများက ပြောသည်။

စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းပေးမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် လမ်းထဲတွင် နေသူများက ကြံ့ဖွံ့ပါတီသို့ ဝင်ရောက် လိုက ဝင်ရောက်နိုင်ပြီး ကြိုတင်မဲ ၁၅ မဲ အနည်းဆုံး ပေးအပ်ဖို့ လိုသည်ဟု တောင်းခံနေသည်။

”ကျနော်တို့ကလည်း ကိုယ့်ရပ်ကွက်လမ်းတွေ ကောင်းဖို့အတွက် မဲပေးရတာက အပမ်း မကြီးဘူးလေ၊ ပေးကြမယ်လို့ ပြောတယ်။ ကျနော်တို့ ရပ်ကွက်မှာ လမ်းပေါင်း ၁ဝ ကျော်ရှိတယ်၊ အဲဒီမှာ လမ်းပေါင်းကတော့ အများကြီး ပဲပေါ့လေ၊ ပြောရရင် ရပ်ကွက် တခုစီမှာ အဓိက လမ်းတွေ တလမ်းစီလောက်ကို ကတ္တရာ လမ်း ခင်းပေးတော့မယ် ပြောတယ်။ အခု မဲကောက်လို့ရတဲ့ လမ်းတွေကို အရင် လုပ်ပေးမယ်တဲ့” ဟု ဗိုလ်ထွန်းစံ ရပ်ကွက်သား တဦးက ပြောသည်။

လမ်းခင်းပေးသည်မှာ ကြံ့ဖွံ့ပါတီ အမည်ခံခြင်းသာ ဖြစ်ပြီး၊ မြို့တော်စည်ပင်က တာဝန်ယူ ဆောင်ရွက်ပေးရခြင်း ဖြစ်သည်ဟု စည်ပင် အရာထမ်း တဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ၂ဝ၁ဝ ခုနှစ်တွင် ဆောင်ရွက်ရမည့် လမ်းပေါင်း၃ဝဝ ကျော်ရှိနေရာ ကျန်ရှိနေသေးသော လမ်းများ အားလုံး ပြင်ဆင်မှုကို ကြံ့ဖွံ့ အမည်ဖြင့် ဆောင်ရွက်ရန် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ညွှန်ကြားထားကြောင်း သူက ပြောသည်။

မဇ္ဈိမက ရရှိသော စည်ပင်ဌာနစာရင်းများအရ ယခုနှစ်လမ်းပြုပြင်မှုအတွက် ဘတ်ဂျတ်ငွေ ဘီလီယံပေါင်း ၃ဝ ကျော်ကို လျာထားမှု ရှိရာ ယခင်နှစ်ကထက် ၁ဝ ဘီလီကျော် တိုးခြင်းဖြစ်သည်။ ယခင်နှစ်က စည်ပင် နယ်နမိတ်အတွင်း လမ်း ၂ဝဝ ကျော် ဖောက်လုပ် ပြင်ဆင်ခဲ့သည်။

အလားတူပင် ပဲခူးမြို့တွင်လည်း ယခင်ကြံ့ဖွံ့အသင်းဝင်များထဲမှ အစိုးရ ဝန်ထမ်းများ၏ မိသားစု ဝင်များကို ဦးစွာ စည်းရုံးကာ ပါတီဝင် တိုးရရေး လုပ်ဆောင်နေသည်ဟု သိရသည်။

ပဲခူးမြို့ခံ တဦးက “ပါတီဝင်ကြေး ၁ဝဝဝ ကျပ် သတ်မှတ်ထားတော့ အဆင်ပြေရင် ပေးလည်း ရတယ်။ မပြေရင် နောက်မှ ပေးလည်း ရတယ်။ မပေးနိုင်လည်း ရတယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကျေးရွာအချို့တွင်မူ ကျေးရွာ အာဏာပိုင်များနှင့် ကြံ့ဖွံ့ စည်းရုံးရေးမှူးများသည် ပါတီဝင်များ ရရှိရေးအတွက် တအိမ်တက် တအိမ်ဆင်း ဓာတ်ပုံရိုက်ယူကာ ပါတီဝင် လျှောက်လွှာတွင် လက်မှတ်ထိုးခိုင်းပြီး အဓမ္မ စုဆောင်းနေကြောင်း ပဲခူးမြို့ ကျောက်တွင်းကုန်း ရပ်ကွက်နေသူ တဦးက ပြောသည်။

“ကြံ့ခိုင်ရေးပါတီ အနိုင်ရမှ နောက်ဆိုရင် အာဏာသိမ်းတာတွေ မဖြစ်တော့ဘူး။ သူတို့ အနိုင်မရရင် အာဏာ သိမ်းတာတွေ ဖြစ်လာ နိုင်တယ်ဆိုပြီး အဲလိုတွေနဲ့ ခြိမ်းခြောက်ပြောတယ်” ဟု စည်းရုံး ခံရသူတဦးက ပြောသည်။

သို့သော်လည်း ပဲခူးမြို့ ဆင်ခြေဖုံး ရပ်ကွက်အချို့ကို ပါတီဝင်အဖြစ် စုဆောင်း နေသော်လည်း မြို့ထဲ ရပ်ကွက်များတွင် စုဆောင်းခြင်း မတွေ့ ရသေးပေ။

ကြံ့ဖွံ့စည်းရုံးရေးမှူးများ၊ ကျေးရွာရပ်ကွက် အာဏာပိုင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားလေ့ ရှိသော သွေးလွန် တုပ်ကွေး ကြိုတင် ကာကွယ်ရေးအတွက် ရေမြောင်း တူးဖော်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ လုပ်ဆောင်ပေးခြင်းဖြင့် ပါတီ ဝင်ရောက်ရန် စည်းရုံးမှုများလည်း ရှိနေသည်။

ထို့အပြင် ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို သွေးထွက်သံယို မှုများဖြစ်ရန် မလိုလားသည့် အတွက် စစ်တပ်နှင့် ပတ်သက်သည့် ပါတီကို မဲထည့်ရန် ယခုလ ၂ဝ ရက်နေ့က ပြောကြား ခဲ့သေးသည်။

လူမှုရေးအသင်းအဖြစ် ထူထောင်ခဲ့သော ကြံဖွံ့အသင်းသည် ယခုလ ၆ ရက်နေ့တွင် ဖျက်သိမ်းကာ ပါတီအဖြစ် ကြေညာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၎င်းပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်သည်။

ကြံ့ဖွံ့အသင်း စည်းရုံးရေးများက ပါတီစည်းရုံးရေးမှူးများဖြစ်ပြီး မြို့နယ်အဖွဲ့ဝင်များက အလိုအလျောက် ပါတီ အဖွဲ့ဝင် ဖြစ်သွားကြသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့