..............................

Thursday, July 29, 2010

ဗိုလ်ချုပ်မှူးကြီးအလှူ ပြယုဂ်သာဖြစ်ဟု သံဃာတော်များ မိန့်ဆို

မင်းနိုင်သူ
Wednesday, July 28, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော်ကြီး ကျောင်းတိုက်၌ ဇူလိုင် ၂၆ ရက်တွင် ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲတွင် မြန်မာ စာသင်သား ရဟန်း တပါးအတွက် ရူပီး ၆၀ (မြန်မာငွေ ၃၀၀၀) ခန့် ကပ်လှူ ခဲ့ကြောင်း သိရသည်။

အလှူငွေ လက်ခံခဲ့သည့် စာသင်သား ရဟန်းတော် တပါးက “ဗာရာဏသီ၊ မာဂဓနဲ့ နာလန္ဒာ တက္ကသိုလ် တွေမှာ မြန်မာ စာသင်သား ရဟန်း အပါး ၁၀၀ လောက်စီ ရှိတယ်၊ သူလှူခဲ့တာက ဒေါ်လာ ၂၀၀ ဆိုတော့ ဦးပဉ္ဇင်းတို့ ကြွရောက်ဖို့ ငှားရတဲ့ ကားခတွေ ဘာတွေ နုတ်လိုက်ရင် တပါး ရူပီး ၅၀၊ ၆၀ လောက်စီပဲ ပြန်ကပ် နိုင်တယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

၎င်းက ဆက်လက်ပြီး ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလှူသည် ထိရောက်မှု မရှိသော ပြယုဂ်သက်သက် အလှူ ဖြစ်သည်ဟု လည်း ဆိုသည်။

“ဒီမှာ မဇ္ဈိမဒေသဖွံ့ဖြိုးရေးအသင်းဆိုတာ ရှိတယ် ၊ အဲဒီအတွက် ရူပီး ၁ သန်းဆိုပြီး ဗိုလ်ချုပ်မှူးကြီးက သံအမတ်ကြီးကို ပေးသွားတယ်၊ အဲဒီအသင်းက ငွေတွေကို ဘဏ်မှာ အပ်ထားပြီး သံဃာတွေကို ကထိန်ခင်းချိန်မှာ လှူတာပေါ့ ၊ အဲဒီ အချိန်မှာတော့ စာသင်သားရဟန်း တပါးကို ရူပီး ၁၀၀၀ လောက်ရတယ် ၊ ဒါပေမယ့် အိန္ဒိယမှာ စာသင်သား ရဟန်းတပါး အတွက် တနှစ် ကုန်ကျ စရိတ်က ဒေါ်လာ ၁၀၀၀ လောက် ရှိနေတော့ သူတို့ လှူတယ် ဆိုတာလည်း ပြယုဂ်သက်သက် ဆင့်ပါးစပ် နှမ်းပက်ပါပဲ၊ အဓိကက ကိုယ့် ဒကာ ဒကာမတွေက လှူနေကြရတာပါ” ဟု အလှူငွေ လက်ခံခဲ့သည့် စာသင်သား ရဟန်းတော်က မိန့်သည်။

ထိုလှူဒါန်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းကို ပြုပြင်ရန် ဒေါ်လာ ၂၀၀၀ စီ လှူဒါန်းသွားခဲ့ပြီး စာသင်သား ရဟန်းတော်များ အတွက် ဆိုကာ တက္ကသိုလ် တခု အတွက် ဒေါ်လာ ၂၀၀ လှူဒါန်း သွားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ အလှူပွဲသို့ တက်ရောက်ရခြင်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရမည် စိုးရိမ်၍ ဖြစ်ကြောင်း တက်ရောက်ခဲ့သည့် စာသင်သား ရဟန်းတော် တပါးက မိန့်ဆိုသည်။

“ဦးပဉ္ဇင်းတို့က ပတ်စ်ပို့ ကိုင်ထားရတာ ဆိုတော့ သူတို့ ပင့်လို့ မလာရင် လေဆိပ် အ၀င်အထွက်တွေမှာ ပတ်စ်ပို့ သိမ်းလိုက်ရင် ပညာရေး အရမ်းနစ်နာသွားမှာ စိုးလို့ မသွားမဖြစ် သွားခဲ့ကြရတာပါ ၊ ကြိုက်တာကတော့ လုံးဝမကြိုက်ဘူး"ဟု ရဟန်းတော်က မိန့်သည်။

အဆိုပါလှူဒါန်းပွဲသို့ တက်ရောက်ရန် အိန္ဒိယမြန်မာသံရုံးက ဗာရာဏသီ ၊ နာလန္ဒာနှင့် မာဂဓ တက္ကသိုလ်များတွင် တက်ရောက် နေသည့် မြန်မာ စာသင်သား ရဟန်းတော်များ အပါအ၀င် သံဃာတော် ၂၇ ပါးကို ပင့်ဖိတ်ခဲ့ကြောင်း သိရသည်။

“တက္ကသိုလ်တခုစီက စာသင်သား ရဟန်းကိုယ်စားလှယ် တပါးစီ ပင့်ဖိတ်တယ် ၊ မတက်တဲ့ ကိုယ်တော်တွေလည်း ရှိတယ် ၊ သူတို့ အစားတော့ ဗုဒ္ဓဂါယာ ကျောင်းတိုက်က သံဃာတွေက ၀င်ထိုင် ပေးရတာပေါ့ ၊ ဦးပဉ္ဇင်းကတော့ သူ့ကျန်းမာရေး အခြေ အနေကို မျက်မြင် မြင်ချင်တာလည်း ရှိတော့ ကြွလိုက်တယ်"ဟု ကြွရောက်ခဲ့သည့် ရဟန်းတော်က မိန့်သည်။

အဆိုပါရဟန်းတော်က "သူက လမ်းတော့လျှောက်နိုင်သေးတယ် ၊ အထိုင်အထတော့ သူမလုပ်နိုင်တော့ ၊ ဗုဒ္ဓဂယာ ဆရာတော်ကို ၀တ္ထုငွေ ကပ်တော့မယ် လုပ်တော့ သူ့ကို လူ ၂ ယောက်က ဆွဲထူရတယ် ၊ အဲဒီအချိန်မှာ သူတို့နဲ့ ပါလာတဲ့ ဗွီဒီယို သမားတွေက သူ့ကို မရိုက်ဘဲ သံဃာတွေ ဘက်ကို ကင်မရာ လှည့်ထားတယ် ၊ သူရပ်မိပြီ ဆရာတော်ကို ၀တ္ထုငွေ ကပ်ပြီဆိုမှ သူ့ကို ရိုက်ကြရတာ တွေ့တယ် ၊ ကျန်းမာရေးကတော့ မကောင်းတော့တာ သေချာတယ်"ဟု ဆက်လက် မိန့်ဆိုသည်။

၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များကို အကြမ်းဖက် ချေမှုန်းခဲ့သော နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထားကြရာ ယခု ခရီးစဉ်အတွင်း ယင်းကံဆောင်မှု ပျက်ပြားစေရန် အားထုတ်ခြင်း တရပ်သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်သား ရဟန်းတော် တပါးက မိန့်ဆိုသည်။

“သူက အခုနောက်ပိုင်း သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ စာသင်သားရဟန်းတွေကို လှူတယ် ၊ သံဃာတွေကလည်း လက်ခံတယ် ဆိုတာကို နိုင်ငံတကာကို ပြချင်တယ် ၊ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းက သီရိလင်္ကာ လာသွားတုန်းကလည်း စာသင်သား ရဟန်းတွေ ကို လှူတယ်ဆိုပြီး လုပ်တယ် ၊ အခုလည်း ဗုဒ္ဓဂယာမှာ လုပ်တယ် ၊ ဒီလိုလုပ်တာကို သံဃာတော်တွေ အနေနဲ့ ဘယ်လိုအကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် လက်မခံသင့်ပါဘူး ၊ လက်ခံလိုက်ရင် ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုဟာ သူတို့ ပြောသလို သံဃာအတု အယောင်တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ အသိအမှတ် ပြုပေးလိုက်သလို ဖြစ်မယ် ၊ တကယ် လှူဒါန်းနေတာက ကိုယ့်ဒကာ ဒကာမတွေပါ ၊ ဘာမှမဟုတ်တဲ့ သူတို့ အလှူငွေလေးအတွက် ကံမပျက် စေချင်ကြပါနဲ့"ဟု အဆိုပါရဟန်းက မိန့်သည်။

သံဃာ့ဥသျှောင်အဖွဲ့ ထိုင်းနိုင်ငံ မဲဆောက်ရုံး တာဝန်ခံ ဦးဇ၀နကလည်း "သူ့အနေနဲ့ကတော့ သူ့ကို လက်ခံတဲ့ သံဃာတွေလည်း ရှိတယ် ဆိုတာကို ပြဖို့အတွက် အလှူအတန်း လုပ်မှာပဲလေ ၊ ဘုန်းကြီးတွေ လှူတယ် ဆိုတာကလည်း တကယ် စေတနာရှိလို့မှ မဟုတ်ဘဲ ၊ ပြယုဂ်လုပ်ဖို့ သက်သက်ပဲ ၊ တကယ်တမ်းက အိန္ဒိယမှာ ရှိတဲ့ မြန်မာသံဃာ ၄၀၀ လောက်မှာ သူ့ကို လက်ခံတာ ဘယ်နှစ်ပါးမှ ရှိမှာ မဟုတ်ပါဘူး"ဟု မိန့်ကြားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့