..............................

Sunday, July 25, 2010

ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို

အောင်သက်ဝိုင်း
Saturday, July 24, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ပါတီဝင် အင်အား ၈ သန်းကျော် ရှိကြောင်း ပါတီ အကြီးအကဲ တဦးက ပြောသည်။

USDP တွင် နိုင်ငံ့ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အသက်ကြီးရင့် နေပြီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင် (USDA) များကို ပါတီဝင် အဖြစ် လက်ခံခြင်း မရှိဘဲ စာရင်း ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း၊ ထိုသို့ စာရင်း ပယ်ဖျက် လိုက်သော်လည်း USDP တွင် အမာခံ အင်အား ၈ သန်းကျော် ဆက်လက် ရှိနေသေး ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီ ၈ သန်း ဆိုတဲ့ အရေအတွက်က ပြည်ခိုင်ဖြိုး အသင်းဝင် အင်အားရဲ့သုံးပုံ တပုံပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

လူမှုရေးအသင်း အဖြစ် တည်ရှိစဉ်က USDA တွင် အသင်းဝင်အင်အား ၂၃ သန်း ကျော် ရှိသည်ဟု USDA နှစ်ပတ်လည် အစည်း အဝေးများတွင် အသင်း၏ နာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကြာခဏ ဆိုသလို ထုတ်ဖော် ပြောဆိုခဲ့သည်။

USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

USDA ကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင် လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းတွင် USDA အသင်း ရုံးအဖွဲ့မှူး သူရ ဦးမြင့်ဦးကို ကိုးကား၍ ဘီဘီစီ သတင်းဌာန က ဖော်ပြထားသည်။

USDA ပိုင် အဆောက်အအုံ၊ ငွေကြေး နှင့် ပစ္စည်း များကို USDP ပါတီပိုင်များ အဖြစ် တရားဝင် လွှဲပြောင်း ထားပြီးဖြစ်သည်ဟု USDP အသိုင်းအ၀ိုင်းက ပြောသည်။

ယခုအခါ USDP အကြီးအကဲ နေရာများကို တိုးချဲ့ခန့်ထားလျက်ရှိပြီး တပ်မတော်မှ တာဝန် ထမ်းဆောင်ဆဲ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးများကို အငြိမ်းစားပေး၍ အဓိက ကျသော နေရာများတွင် ခန့်အပ် ထားသည်ဟုလည်း သိရသည်။

“ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် ရာထူးတွေမှာ တပ်မတော်ကနေ အငြိမ်းစားပေးခံရပြီး ပြောင်းလာတဲ့ အရာရှိ
တွေလည်း ရောက်လာတယ်” ဟု ရန်ကုန်တိုင်း USDA တာဝန်ခံ ဦးအောင်သိန်းလင်း နှင့် နီးစပ်သူ တဦးက ပြောသည်။

USDP ပါတီမှ တပ်မတော်အငြိမ်းစား အရာရှိများသည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် ၏ စီးပွားရေးလုပ်ငန်းများမှ လုပ်ပိုင် ခွင့်နှင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။

USDP ပါတီဝင်အဖြစ် ၀င်ရောက်လိုသူတိုင်းကို ပါတီဝင်အဖြစ် ခြွင်းချက်မရှိ လက်ခံလျက်ရှိပြီး ပါတီဝင်ကြေး ကျပ် ၁၀၀၀ သာ ပေးရန် လိုအပ်သည်ဟု စုံစမ်းသိရှိရသည်။

ယခင် USDA တွင် ပါဝင်ခဲ့သော အသင်းဝင် စွမ်းအားရှင်များကို USDP တွင်လည်း ပါတီဝင်များအဖြစ် ဆက်လက် လက်ခံထား ပြီး လုံခြုံရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ပူးတွဲ တာဝန်ထမ်း ဆောင်ဆဲဖြစ်ကြောင်း USDP ပါတီဝင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။

တရားမ၀င် လုပ်ငန်းများဖြစ်သည့် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံး လောင်းကစားလုပ်ငန်းများ လုပ်ကိုင် ကြသူများသည် USDP ပါတီသို့ ၀င်ရောက်လာကြပြီး ပါတီ၏မြို့နယ်၊ ရပ်ကွက် ရုံးခွဲများ တွင် အမည် အမျိုးမျိုး တပ်ထားသည့် ရာထူးများ ပေးထားသည် ဟု လည်း ကြားသိရသည်။

“ပါတီမှာ ရာစုမှူး၊ ထောင်စုမှူး၊ သောင်းစုမှူး ဆိုတဲ့ စည်းရုံးရေး ရာထူးတွေ မြို့နယ်၊ ရပ်ကွက်အလိုက် တိုးချဲ့ဖွဲ့စည်း ထားတယ်” ဟု အင်းစိန်မြို့နယ် USDP ပါတီဝင်တဦးက ဆိုသည်။

USDPပါတီ သည် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီး၊ အရာရှိ ကြီး ၂၆ ဦးတို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ အချိန်အထိ ပါတီဝင်အင်အား တင်ပြသည်ကို မတွေ့ရှိရ သေးပေ။

ဇူလိုင်လ ၂၀ ရက်က လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် ဇူလိုင်လ ၁၆ ရက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အား စာရင်း တင်ပြ ထားကြောင်း ဇူလိုင်လ ၂၁ ရက်ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၅ ရက် က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် ဇွန်လ ၂၉ ရက်က ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ဖူးပြီး ယခု ရွေးကောက်ပွဲ အတွက် ပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့သော မြို (ခေါ်) ခမိအမျိုးသား ညီညွတ်ရေး အဖွဲ့ တို့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား စာရင်း တင်ပြထားကြောင်း ထုတ်ပြန်ထားသည်။

မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများအနေနှင့် သတ်မှတ် ပါတီဝင်အင်အား စာရင်းကို သတ်မှတ်ချိန်အတွင်း တင်ပြရန် နှင့် မတင်ပြနိုင်ပါက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ခံချက်နှင့် အညီ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးရရှိပြီးဖြစ်ကြောင်း ကော်မရှင်သို့ တင်ပြ ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ၌ ပြဌာန်း ထားကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် မှတ်ပုံတင် ဥပဒေ ပုဒ်မ ၅(စ)အရ"ပြည်ထောင်စု တ၀န်းလုံးတွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုစည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံချက်၊ (သို့မဟုတ်) တိုင်းဒေသကြီး၊ ပြည်နယ် တခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ မှတ်ပုံ တင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံချက်များ နှင့် လျှောက်ထား ခဲ့ကြရခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ကိုမူ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့