..............................

Wednesday, July 28, 2010

ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ်


ရဲဘော်ဖိုးသံချောင်း
၂၈ ဇူလိုင် ၂၀၁၀

ကြံ့ဖွံ့အသင်းဆိုတာကနေ ကြံ့ဖွံ့ပါတီဆိုတာ ဖြစ်သွားပြီပေါ့။ အရင်က ထောင်ထောင် ထောင်ထောင်နဲ့ နေရာ တကာမှာ တွင်ကျယ်နေတဲ့ အမျိုးသမီးရေးရာ ဆိုတာဟာလည်း အခုတော့ ကြံ့ဖွံ့ အမျိုးသမီး အဖွဲ့ရယ်လို့ ဖြစ်သွား ပါပြီ။ (၁၀) နှစ်ကျော် အရေခြုံ ထားတာတွေ ခွာချ လိုက်ကြပြီလို့ ဆိုရင် ရမလားပါပဲ။ ဒီနေ့လို ရွေးကောက်ပွဲ ဗိန်းမောင်းသံ၊ လေးခင်းသံတွေ ပေါ်ထွက်လာတဲ့ အခါမှာ နအဖ စစ်အုပ်စုရဲ့ အမာခံတွေဟာ အပေါ်က အ၀တ်အစားကိုခွာပြီး လက်ဝှေ့ဝိုင်းထဲကို ၀င်လာ၊ လက်ဝှေ့ရေး ပြကြသလား အောက်မေ့ ရပါတယ်။ လက်ခမောင်း တဖောင်ဖောင်နဲ့ပါ။ သွားလေရာ ညောင်မြစ် တဖြာဖြာ ဆိုတာလို သူတို့ “စည်းရုံးရေး” သွားတဲ့ နေရာတိုင်းမှာ ပြဿနာတွေလည်း တက်ချင်တိုင်း တက်နေ ပါတော့တယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ သူတို့ကို လက်နက်ကိုင် တပ်နဲ့တောင် အစောင့်အရှောက် ပေးနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြင်တွေ့ရတာ တခုကတော့ နဂို အမျိုးသမီးရေးရာ ထဲက ဟန်ရေး ပြရုံလောက်သာ အသုံးဝင်တဲ့ ဗိုလ်ချုပ် ကတော်တွေဟာ ဒီအဆင့်မှာ ဘေးထွက် ထိုင်လိုက်ကြတာပါပဲ။

ဒါပေမယ့် ဒီကတော်တွေလိုပဲ အရင်က ကြံ့ဖွံ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပေမယ့် အထွက်မှာတော့ ကတော်တွေလို မဟုတ်ဘဲ ကန်ထုတ်ပစ်တာ ခံလိုက်သူတွေကတော့ နဂိုက ကြံ့ဖွံ့ထဲကို အတင်း မ၀င်မနေရ ဆွဲသွင်းထားတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ အသုံးမ၀င်၊ အလို မရှိတော့ပြီမို့ အခုတော့ သူတို့ကို စစ်ဗိုလ်တွေက စာရင်းထဲ မထည့်တော့ပါဘူး။ နဂိုက (၂၃) သန်းကျော် ရှိတယ်လို့ ဗိုလ်သန်းရွှေ ပါးစပ်က ကြွားနေတဲ့ ကိန်းဂဏန်းကနေ တနေ့ကတော့ ကြံ့ဖွံ့မှာ ပါတီဝင် (၈) သန်း ရှိသေးတယ်လို့ ကြုံးဝါးတာ ကြားလိုက်ရပါတယ်။ ဒါဆိုရင် နဂို ကြံ့ဖွံ့အဖွဲ့ဝင် (၁၅) သန်းလောက်ကို ခါထုတ် ပစ်လိုက်တဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။

တချိန်ကတော့ နိုင်ငံတကာပါတီပေါင်းစုံအစည်းအဝေးတွေ၊ အမျိုးသမီး အစည်းအဝေးတွေ တက်ခဲ့တဲ့၊ ပြည်တွင်းမှာ ညီလာခံတွေ အချီချီ လုပ်ခဲ့တဲ့ အဖွဲ့ကြီးတွေဟာ ဘာညီလာခံ၊ ဘာအစည်းအဝေး၊ ဘာဆုံးဖြတ်ချက်မှ မချဘဲ ချက်ချင်း အသွင်ပြောင်း ကုန်ကြပါတယ်။ အံ့သြစရာ မကောင်းဘူးလား။ မျက်လှည့် ဆရာက လက်ဖျောက် တချက်တီးလိုက်တာနဲ့ ဖားကနေ ဖွတ်ဖြစ်၊ ဖွတ်ကနေ ဖားဖြစ် ဆိုတာမျိုးတွေပါ။ ပြီးခဲ့တဲ့ နအဖ စစ်တပ် ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကွေးသောလက် မဆန့်မီ ဆုံးဖြတ် အသွင် ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် သန်းပေါင်း (၂၀) ကျော် ရှိတယ် ဆိုတဲ့ အဖွဲ့ကြီးတခုဟာ ပျောက်သွားတယ် ဆိုတော့လည်း ရေပေါ်မှာ ရေးထားတဲ့ အရုပ်လိုပါပဲ။ ဗိုလ်သန်းရွှေက ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက်။ အင်း၊ ပြန်စဉ်းစား လိုက်တော့ သူတို့ ပေါ်လာတုန်းကလည်း ဒီလိုပဲ ပေါ်လာခဲ့တာပဲ မဟုတ်ပါလား။ အရှင်မွေးမို့ နေ့ချင်းကြီးခဲ့သလို အရှင်က မလိုတော့လည်း နေ့ချင်းပဲ ပျောက်ရ ပါတော့တယ်။ တဆက်တည်း ဆက်တွေးမိတာက အခု အသစ်ဖွဲ့စည်းကြတဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီ အဖွဲ့အစည်းတွေရော၊ နအဖဆီက ‘ပျောက်စေ’ ဆိုတဲ့ အမိန့်မျိုး ထွက်လာရင် ဆက်တည်ရှိ နေပါ့မလား ဆိုတာပါ။ လောလောဆယ် မှာတော့ ပါတီ အသစ်ဖွဲ့ချင်သူတွေကို မဖွဲ့စေရ ဆိုတဲ့ တချက်လွှတ် အမိန့်ကြောင့်မို့ မဖွဲ့နိုင်ဘဲ ဖြစ်နေတာတွေ တွေ့နေရပြီ။ အဲဒီကနေ တဆင့်တက် တွေးလိုက်ရင် နောင် ရွေးကောက်ပွဲလွန် လို့ လွှတ်တော် ဆိုတာတွေ ဘာတွေ ပေါ်လာရင်ရော။ ဒီတချက်လွှတ် အမိန့်ပေးတဲ့ အာဏာကြီးဟာ (ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ်) တည်ရှိနေဦးမှာလား။ မတည်ရှိတော့ပါဘူး လို့တော့ အာမ မခံရဲ ကြဘူး မဟုတ်ပါလား။

အဲဒါကို တချို့က နောင်ခါလာနောင်ခါဈေးလို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ လောလောဆယ် မှာတော့ အဲဒီ ကြံ့ဖွံ့ မဟုတ်သူတွေ ခေါင်းခဲနေတဲ့ ကိစ္စဟာ ကြံ့ဖွံ့က ဒီလို နိုင်ငံတော်ရဲ့ အရင်းအနှီး၊ အထောက် အကူတွေနဲ့ မတော်မတရား ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုတာ သေချာ သထက် သေချာလာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အခုအချိန်ကျမှတော့ ‘အစက ငါမပြောလား’ လို့ သူတို့ကို အပြစ် တင်နေလို့လည်း အပိုပဲ ဖြစ်မှာပါ။ ကျားနဲ့သမင် လယ်ပြင်မှာ တွေ့ကြတာကို စောင့်ကြည့် ကြရုံပဲရှိပါတယ်။ ဒီလိုနဲ့ အခုတလော ပြည်ပရေဒီယို အသံလွှင့်ချက်တွေမှာ နအဖရဲ့ရွေးကောက်ပွဲမှာ ချစ်တီးခေါင်းသန်းရှာ သလို စပေ့စ် ရှာပုံတော်ဖွင့်မယ့် အဖွဲ့တိုင်း နီးပါးဟာ မီဒီယာတွေက မေးတိုင်း မကျေမနပ်တွေ ပြောထွက် နေကြတာကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ ဒါပေမယ့်လည်း တဆက်တည်း သတိ ထားမိတာက ကြံ့ဖွံ့ကို ဒီလို အခွင့်အရေးတွေ တဖက် သတ်ပေးထားတာဟာ မတရားဘူး လောက်ပဲ ပြောရဲပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒါကြောင့် မတရားဘူး၊ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုးတော့ မပြောဝံ့ကြပါဘူး။

ဒီလို အားလုံးက တရားမျှတခြင်းမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြချိန်မှာပဲ နအဖဟာ လက်နက်သစ် တခုကို ထုတ်သုံး လာခဲ့ပါတယ်။ အဲဒါကတော့ ဘာသာရေး လက်နက်ဖြစ်ပါတယ်။ နအဖဟာ သာသန နုဂ္ဂဟ အသင်းဆိုတာကို ဖန်တီးပေးပြီး ကြံ့ဖွံ့အတွက် မဲရှာဖို့ လုပ်ပါတော့မယ်။ ဒါကိုကြည့်ပြီး နအဖ စစ်အစိုးရဟာ နိုင်ငံရေး လောကမှာ ရှေးအကျဆုံး မသမာမှုတခု ဖြစ်တဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ နည်းကိုလည်း ချန်မထားဘူးလို့သာ မှတ်ချက် ချရပါတော့တယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ (၂၁) ရာစုနှစ်ထဲမှာ ကိုပဲ (၁၂) ရာစု နှစ်တုန်းက ခရူးဆိတ် စစ်ပွဲ ဆင်နွှဲ နေတုန်းပါလားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

အခုနောက်ဆုံးကြားနေရတဲ့ ကြံ့ဖွံ့တွေရဲ့မဲဆွယ်ရာမှာ လက်သုံးစကား တခုကတော့ ‘နောက်တခါ အာဏာသိမ်းတာ မတွေ့လိုရင် ကြံ့ဖွံ့ကို မဲပေးကြ’ ဆိုတာပါပဲ။ သူတို့အနေနဲ့ မဲဆွယ်ရာမှာ ချော့မြှူတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း စသဖြင့် နည်းမျိုးစုံ အသုံးပြုနေရာမှာ အခုနောက်ဆုံး ကြားရတဲ့ နည်းတခုကတော့ ချော့မြှူတာလား၊ ခြိမ်းခြောက်တာလား အတော်ကို စဉ်းစားရ ကြပ်ပါတယ်။ ဒီစကားသာ မှန်ခဲ့ရင် ကြံ့ဖွံ့တွေ အနေနဲ့…

- စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မကောင်းဘူးလို့ အသိအမှတ် ပြုတာလား။
- နအဖစစ်တပ်ဟာ ရွေးကောက်ပွဲမှာ သူတို့လိုလားတဲ့ အဖြေမထွက်ရင် အာဏာ သိမ်းလိမ့်မယ်လို့ အပိုင် ပြောနေတာလား။
- သူတို့ကို မဲမပေးရင် စစ်တပ်ကို အာဏာသိမ်းခိုင်းနိုင်စွမ်း သူတို့မှာရှိတယ်လို့ ၀န်ခံတာလား။
- ဒါမှမဟုတ် သူတို့နောက်မှာ စစ်တပ်ရှိနေတယ်လို့ ကြေညာတာလား။

ဒင်းတို့အလဟဿ ပြောနေတာတော့ ဟုတ်ဟန်မတူပါ။ အကြောင်းရှိမှာပါ။ ဒါတွေကို ကြားတော့ “ပေးနေတုန်းမှာ ပေးတာလေးတွေ ယူထားလိုက်ကြ” လို့ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်သူတွေ၊ “ဒီရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုသူတွေဟာ ပြည်တွင်း အခြေအနေကို ဘာမှမသိဘဲ ပြည်ပကနေ ရမ်းပြောနေတယ်” လို့ လှမ်းရမ်းနေသူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာ နေတဲ့ သူတို့တတွေ ဒီအခြေ အနေတွေကို တကယ် မသိတာလားလို့။ သူတို့ပြောတာ နောက်တခွန်း ရှိပါသေးတယ်။ အဲဒါက “ဒီမိုကရေစီကို နောက်တော့မှ တဖြည်းဖြည်း တိုးချဲ့ သွားကြတာပေါ့” တဲ့။ အာဏာ မသိမ်းသေးရင် ပေါ့လေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့