..............................

Tuesday, December 21, 2010

အသွင်ပြောင်းရေး လက်မခံသော SSA တပ်စခန်းအား နအဖထပ်တိုက်

Monday, 20 December 2010

အပစ်ရပ် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁) နှစ်ချုပ် အစည်းအဝေးကျင်းပပြီး မကြာခင် မိုင်းရှူး -ဝမ့်ဟိုင်း ကားလမ်း အနီးရှိ ကေးဆီးမြို့ နယ် ၀မ့်ဆော့ အုပ်စု အနောက်ဘက် ၃ မိုင်ခန့်အကွာ ၀မ့်လွေရွာ ကွန်ကျိုင်း တပ်စခန်းအား နအဖ စစ်တပ်က ထပ်မံတိုက်ခိုက် ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။

“ ၁၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဌာနချုပ် (၀မ့်ဟိုင်း) တောင်ဘက် ၀မ့်လွေရွာတပ် စခန်းကို ဗမာတပ်က ထပ်တိုက်တာ။ နာရီဝက် လောက်ကြာတယ်။ စကခ ၂ လက်အောက်ခံ နမ့်ဇန် ခမရ ၅၁၆ အင်အား ၅၀ ကျော်က မိုင်းနောင်ကနေ ခြေကျင်နဲ့ သွားတိုက်တာ။ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ ရွာသားတွေက ပြောတယ်” - ဟု တပ်မဟာ ၁ မှ အရာရှိငယ် တဦး အသိုင်းအ၀ိုင်းက ပြောသည်။

အဆိုပါ နအဖစစ်ကြောင်းမှာ ၁၇ ရက်နေ့က ၀မ့်ဟိုင်းအနောက်ဘက် ခေါက်စန့် အုပ်စု တောပိုင်းဘက် အရောက် ခြေရာ ဖျောက်၍ နောက်တရက် ၁၈ ရက်နေ့ ညပိုင်း ၀မ့်လွေဘက် ပေါ်လာကာ သျှမ်းတပ်စခန်းအား ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ် လက်မခံသည့် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁ ) ခေါင်းဆောင်များ နှစ်ချုပ် အစည်းအဝေး ကျင်းပပြီး စီးသည့်နေ့ - ည ၁၀ နာရီတွင် တိုက်ပွဲ ဖြစ်ပွါးခြင်း ဖြစ်ပြီး ၁၉ ရက် မနက်ပိုင်း ၀မ့်ဟိုင်းမှ SSA တပ်အင်အားများ ဖြည့်ဆီးကာ တိုက်ပွဲ အပြင်ဘက်မှ ထပ်မံ ၀န်းရံ လိုက်သည်ဟု ဆို၏။ နအဖစစ်တပ် ထပ်မံ ကျူးကျော်ဝင်ရောက် လာပါက ပစ်ခတ်ရန်လည်း အမိန့် ထုတ်ထားသည်ဟု သိရ၏။

“သျှမ်းတပ်က အပြင်ဘက်က ၀န်းရံထားပေမယ့် ၁၉ ရက် ညနေ ၅ နာရီလောက် ဗမာတပ်တွေ ၀မ့်လွေ အရှေ့ဘက် လယ်ကွက် တဖက် ခြမ်း ၀မ့်ဆော့ဘက် ထွက်ပေါက်ကို ဖွင့်ပေး လိုက်တယ်။ တိုက်ပွဲ ကြီးကျယ်သွားရင် ဒေသခံလူထု အထိနာမှာ စိုးလို့။ ဒါပေမယ့် ဗမာတွေ ထပ်ဝင်လာရင်တော့ ဌာနချုပ်က နေရာတိုင်း တပ်စခန်းတိုင်း ပစ်မိန့်ပေးထားတယ် ” - ဟု ၎င်းက ဆက်ပြောပြသည်။

အဆိုပါတိုက်ပွဲတွင် နအဖတပ်သား ၃ ယောက်သေဆုံးကာ စကားပြောစက် တလုံး ဆုံးရှုံး ခဲ့ကြောင်း မိုင်းရှူးမှ ကျန်းမာရေး ၀န်ထမ်း တဦးက အတည်ပြု ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်က ထပ်မံ သီးခြားအတည်မပြု နိုင်သေးပါ။

အလားတူ ၁၉ ရက်နေ့ မိုင်းနန်းမှ နအဖတပ်အင်အား ၁၀၀ ခန့် ၎င်းဒေသတွင်းသို့ ထပ်မံ ဖြည့်တင်း ထားခဲ့သော်လည်း တိုက်ပွဲ ဆက် လက် ဖြစ်ပွားခြင်း မရှိဘဲ ယနေ့အထိ ငြိမ်သက်နေဆဲဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက် က ကျေးသီး- မိုင်းရှူး ကားလမ်း ၀မ့်ဆော့ အခြေစိုက် နအဖတပ် တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ ခန့်က အပစ်ရပ် သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) ၀မ့်ဟိုင်း ဌာနချုပ် အပစ်ရပ် သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) လက် အောက်ခံ တပ် ရင်း ၂၄ (ကျေးသီး- မိုင်းရှူး ကားလမ်း အနောက်ဘက်ရှိ) အားဝင်ရောက် တိုက်ခိုက်ခဲ့ သေးသည်။ ယခုအကြိမ် တိုက်ပွဲသည် နအဖ ဦးစီး ကျင်းပသည့် နိုဝင်ဘာ ၇ ရက်အထွေထွေ ရွေးကောက်ပွဲ အပြီး ဒုတိယ အကြိမ် တိုက်ပွဲဖြစ်သည်။


ယခုနှစ်မေလဆန်းပိုင်းမှစ၍ ပြည်သူ့စစ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် SSA တပ်ဖွဲ့များနှင့် နအဖ စစ်တပ်တို့ စစ်ရေး တင်းမာနေရာ ယခုနှစ်အတွင်း အနည်းဆုံး တိုက်ပွဲ ၅ ကြိမ်ခန့် ဖြစ်ပွါးခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။


Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့