..............................

Tuesday, December 21, 2010

ဂျာနယ်တွေမှာ ဒေါ်စုအကြောင်း ဆိုင်းငံ့

ဖနိဒါ
တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်တွင်းသတင်းဂျာနယ် အချို့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အင်တာဗျူးများ ဖော်ပြခွင့် မရခဲ့ကြောင်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ ဆရာဖေမြင့်က ပြောသည်။

ပြည်တွင်းဂျာနယ်တိုက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရက်ချိန်း ကြိုတောင်းထားသဖြင့် ယခုလ ၁၄ ရက်က ဗီးနပ်စ်နှင့် ပြည်သူ့ ခေတ်ဂျာနယ်တို့ စတင် တွေ့ဆုံခွင့် ရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အင်တာဗျူးပါဝင်သော စာမူကြမ်းကို ယခုလ ၁၇ ရက်က စာပေစိစစ်ရေး ဌာနသို့ တင်ပြခဲ့ရာမှ နောက်နေ့ ၁၈ ရက်တွင် ဆိုင်းငံ့ဆိုကာ ဖော်ပြခွင့် မရခဲ့ခြင်း ဖြစ်သည်။

“မရဘူးခင်ဗျား၊ ကျနော်တို့က ဒီက ရုံးထုံးစံအရဆိုရင် ဆိုင်းငံ့လို့ ခေါ်တယ်ပေါ့နော်။ ဆိုင်းငံ့ဆိုတော့ လောလောဆယ် ထည့်ခွင့် မရဘူးခင်ဗျ။ စနေနေ့မှာ အယ်ဒီတာအဖွဲ့က မေးတာပါ”ဟု အယ်ဒီတာ ဆရာဖေမြင့်က မဇ္စျိမကို ပြောသည်။

“ကျနော်တို့က သောကြာနေ့ တင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးဆိုတော့ ဓာတ်ပုံလဲ ပါတာပေါ့။ တမျက်နှာထက် ပိုတယ်။ တပုဒ်လုံးကို ဖြုတ်တာပါ”ဟု သူက ဆက်ပြောသည်။

ယခုတပတ် ကြာသပတေးနေ့ထုတ် ဂျာနယ်တွင် ဖော်ပြရန် ရည်ရွယ်ခဲ့သော်လည်း ထည့်ခွင့် မရခဲ့သဖြင့် အခြား သတင်းများ ဖြင့်သာ အစားထိုး ဖော်ပြခဲ့ရသည်။

ထို့ပြင် အပတ်စဉ်ထုတ် ဗီးနပ်စ်ဂျာနယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသတင်းကို စိစစ်ရေးသို့ စာမူကြမ်းတင်ရာ ဆိုင်းငံ့ဟု မှတ်ချက် ပေးထားကြောင်း တာဝန်ရှိ အယ်ဒီတာ တဦးက ပြောသည်။

“ကျနော်တို့က လိုချင်တဲ့အချက်ကို ထုတ်ပြီးတော့ သတင်းလို တင်ထားတာပါ။ ဆိုင်းငံ့လို့ မှတ်ချက် ပေးထားပါတယ်။ ဘယ်နေ့ ပြန်တင်ခွင့် ပြုမပြုတော့ မသိဘူး”ဟု အယ်ဒီတာ တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဦးစားပေး ဖော်ပြခဲ့ခြင်းကြောင့် ယခင်လက တပတ် ပိတ်ခံခဲ့ရသော 7 Days နှင့် Tha Voice ဂျာနယ်များလည်း ယခုလ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းခွင့် ရခဲ့သည်။

အင်တာဗျူး၊ သတင်းနှင့် ဆောင်းပါးကဏ္ဍများ၌ သင့်သလို အသုံးပြုသွားရန် နာရီဝက်ခန့် သီးခြားစီ စိတ်ကြိုက် မေးမြန်းခွင့် ရခဲ့ရာ သတင်းတင်ပြမှု အပေါ်မူတည်၍ အချို့ ဂျာနယ်များကို ဖော်ပြခွင့် ပြုမည် မျှော်လင့်ကြောင်း 7 Days မှ အယ်ဒီတာ တဦးက ပြောသည်။

“တခြားဂျာနယ်တွေ တင်ခွင့်မရပေမဲ့လဲ တင်ပြပုံမတူဘူးဆိုရင် တင်ခွင့်ရပါတယ်။ ဒါကြောင့် တင်ထားပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းများကို ဖော်ပြရာတွင် အချပ်ပိုအဖြစ် ဖော်ပြခြင်း၊ ဓာတ်ပုံများကို သတ်မှတ်သည့် အရွယ်ထက် ကြီး၍ ဖော်ပြသဖြင့် စည်းကမ်းနှင့် မကိုက်ညီဆိုကာ 7Days၊ The Voice တို့ တပတ်စီ ပိတ်ခံခဲ့ရသည်။

ယခင်လက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရသည့် ဂျာနယ် ၉ စောင်တွင် ပြည်သူ့ခေတ်နှင့် ဗီးနပ်စ် ဂျာနယ်တို့လည်း ပါဝင်သည်။


စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ပိတ်ပင် တားဆီးနေမှုများနှင့် ဂျာနယ်များ ရပ်ဆိုင်းမှု အမျိုးမျိုး ကြုံတွေ့ နေရသော်လည်း ပြည်တွင်းမှာ စာနယ်ဇင်း သမားများ၏ တာဝန်နှင့် အားထုတ် ရုန်းကန်မှုများကို လေးစားကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်သတင်း၊ NLD သတင်းမျိုးတွေ ရေးလို့ရမှာ မဟုတ်ဘူး။ လာတွေ့တယ်ဆိုရင်ကို အစိုးရကနေ အငြိုးထားခြင်း ခံရမယ်။ အဲဒါ သိတဲ့ကြားထဲကနေ ဒေါ်စုရဲ့ သဘောထားတွေကို တိုင်းသူပြည်သားတွေကို အသိပေး ချင်တယ်ပေါ့ဗျာ။ သတင်းစာ သမားရဲ့ တာဝန်နဲ့ အသိနဲ့ လုပ်တာကိုဘဲ ဒုတိယ အဆင့်အနေနဲ့ ချီးကျူးစကား ပြောချင်ပါတယ်။ လေးစားပါတယ်လို့ ပြောချင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကမ္ဘာက သတင်း၊ ဓာတ်ပုံ၊ ဗီဒီယို စသည့် ပုံစံမျိုးစုံဖြင့် တင်ပြ နေမှုများ ရှိနေချိန်မှာ မြန်မာ စစ်အစိုးရက ပြည်တွင်း စာနယ်ဇင်းသမားများကို ဒေါ်အောင်ဆန်းစုကြည် သတင်း ဖော်ပြခွင့် မပြုခြင်းသည် ရှက်စရာ ကောင်းလှသည်ဟု သတင်းစာဆရာ ဦးဝင်းတင်က ဝေဖန်ပြောဆို လိုက်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့