..............................

Wednesday, December 22, 2010

အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို အစားထိုး ခန့်အပ်မည်

Tuesday, 21 December 2010

ရွေးကောက်ပွဲအပြီး လွှတ်တော်အမတ်နေရာအများစု အနိုင်ရရှိသည်ဟု ထုတ်ပြန်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင်များကို ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး ယန္တရားများတွင် အစားထိုး ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့အစိုးရ မပေါ်ပေါက်မီ အခြေခံကျသော ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေး ယန္တရားများကို စတင်ပြောင်းလဲမှု ပြုလုပ်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအသိုင်း အ၀န်းက ပြောသည်။

“အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ နေရာမှာ အစားထိုးဖို့ ရပ်ကွက်၊ လမ်းအလိုက် အမာခံ ပါတီဝင် စာရင်း တောင်းထားတယ်။ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေး ရာထူးတွေ ကတော့ တိုင်းအဆင့် ပါတီ လူကြီးတွေထဲက ခန့်သွားဖို့ ရှိတယ်။ အငြိမ်းစား စစ်မှုထမ်းဟောင်း တွေလည်း မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေး ယန္တရားမှာ ပူးတွဲတာဝန် ထမ်းဆောင်ကြမှာပါ” ဟု မြို့နယ် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ တဦးက ပြောသည်။

အုပ်ချုပ်ရေး ယန္တရား မပြောင်းလဲသေးခင်၌ပင် ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များတွင် အဆိုပါ ပါတီ၏ တံဆိပ် ခြင်္သေ့ အမှတ် အသားကို အသုံးပြုကာ အခွင့်အရေး ယူနေကြကြောင်း တောင်ဥက္ကလာပ ဒေသခံများက ပြောသည်။

“ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းခွင့်မရှိဘူး။ ဒါပေမယ့် ကြံ့ဖွံ့ပါတီဝင်တွေက ခြင်္သေ့တံဆိပ် တပ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်စီးတယ်၊ ကြံ့ဖွံ့ပါတီဝင် ဆိုက်ကားသမား တွေတောင် ခြင်္သေ့ တံဆိပ်တပ်၊ ကြံ့ဖွံ့ အင်္ကျီဝတ်ပြီး လိုင်စင်မဲ့ ဆိုက်ကားတွေကို ပေါ်ပေါ်တင်တင် လမ်းမတွေပေါ်မှာ နင်းကြတယ်” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦး ကမူ ကြံ့ဖွံ့ အစိုးရ ပေါ်ပေါက်ပြီးပါက ပြည်သူများ အနေနှင့် ကြံ့ဖွံ့ပါတီဝင်များကို ကြောက်ရွံ့ရမည့် အနေအထား ဖြစ်လာနိုင်သည်ဟု ဆိုသည်။

“ဆိုက်ကားသမားတောင် ကြောက်ရမယ့်ပုံ ဖြစ်နေပြီ။ ဆိုက်ကားသမားတွေ တော်တော် များများက ကြံ့ဖွံ့ ပါတီဝင်တွေ ဆိုတော့။ ပြည်သူတွေ ကြောက်စရာ နောက်တခု ထပ်တိုးတာပေါ့။ အရင်က ရဲနဲ့ စစ်သားကိုပဲ ကြောက်ရတာ။ အခုတော့ ကြံ့ဖွံ့တွေကိုပါ ကြောက်ရတော့မယ့် ပုံပဲ” ဟု ၎င်းက ပြောသည်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ရရှိသော သတင်းများ အရ ပြည်နယ်/တိုင်း အစိုးရ ၀န်ကြီးချုပ်များ၊ ၀န်ကြီး ရာထူးများ အတွက် တာဝန် ထမ်းဆောင်မည့် သူများကို အပြီးသတ် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့