..............................

Friday, December 24, 2010

မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗွီဘီပယ်ချ

မျိုးသိဏ်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို ထောင်ချခဲ့သော အမှုတွင် ရဲက တရားမဝင် အသင်းဟု နော်ဝေး အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကို ရည်ညွှန်းခဲ့မှုအပေါ် ဒီဗွီဘီ တာဝန်ရှိသူများက ပယ်ချလိုက်သည်။

လူ ၉ ယောက်သေဆုံးသော ရိုးရာသင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်းကို မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူခဲ့သော ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွှန့် တရားရုံးက ဒီဇင်ဘာ (၂၁) ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှ ခိုးကူးဖြတ်သန်းမှု လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁) ထောင်ဒဏ် (၃) နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) တို့ဖြင့် ထောင် (၅) နှစ်ချကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ရဲက တရားလိုပြုလုပ်သော အမှုတွင် ကိုစည်သူဇေယျမှာ ထိုင်းတွင် သတင်းသင်တန်း တခု တက်ရောက် ခဲ့သလို ဒီဗွီဘီအတွက် သတင်း ပေးပို့ခဲ့သည်ဟု ပါရှိသည်။

နော်ဝေ ဥပဒေအရ မှတ်ပုံတင်ထားသည့် တရားဝင် မီဒီယာ ဖောင်ဒေးရှင်း ဖြစ်၍ ဒီဗွီဘီနှင့် ဆက်သွယ်ခြင်းကို မတရား အသင်းနှင့် ဆက်သွယ်ခြင်းဟု ပြောဆိုခြင်းမှာ မှားယွင်းသည်ဟု ဒီဗွီဘီလက်အောက် အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“ ဒီဗွီဘီ သတင်းထောက်တွေ၊ ဒီဗွီဘီနဲ့ ဆက်သွယ်တဲ့ သူတွေကို မတရား အသင်းနဲ့ ဆက်သွယ်တယ်လို့ နအဖက အရင်က စွတ်စွဲ ခဲ့တာတွေလဲ ရှိပါတယ်” ဟု သူက ပြောသည်။

ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအောင်သိန်းက တရားရုံးဆုံးဖြတ်ချက်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟု ကန့်ကွက် ပြောဆိုသည်။

’’တရားခံကို စစ်ကြောရေး ပြုလုပ်တဲ့ ထွက်ဆိုချက်တွေ၊ တခြား တရားခံတွေရဲ့ အမှုတွေက ထွက်ဆိုချက်တွေ ပေါ်မှာ မူတည်ပြီးတော့ အမှုကို တည်ဆောက်ပြီး တရားစွဲဆို စီရင်ချက်ချတာပါ။ ဒါဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ပဲ ပြောရမှာပါ’’ ဟု ဦးအောင်သိန်းက ပြောသည်။

“ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘူး။ သို့သော်လည်း သူတို့က ဒီဟာကို ပေါ်လစီ တရပ်အနေနဲ့ ထောင်ချတယ်။ ’’ သူက ထပ်ပြောသည်။

သားဖြစ်သူအတွက် ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့သည် မိခင် ဒေါ်ရီရီတင့်က တရားရုံး ဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ပြောသည်။

“ သတင်းသမားတယောက် အနေနဲ့ အပြစ်မရှိဘူးလို့ ပြောလို့ရပါတယ်’’ ဟု သူက ပြောသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲ ပြီးနောက် ဓာတ်ပုံ ရိုက်နေသော ကိုစည်သူဇေယျာကို ဖမ်းဆီးပြီး နောက်တရက်တွင် သူ၏ ဖခင် ဦးမောင်မောင်ဇေယျကိုလည်း ရဲက ထပ်မံ ဖမ်းဆီး ခဲ့သည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး တရားဆိုင်နေရဆဲ ဖြစ်သည်။

ကိုစည်သူဇေယျနှင့် သူ၏ဖခင် ဦးမောင်မောင်ဇေယျတို့သည် ဒီဗွီဘီ၏ သတင်းထောက်များဖြစ်ကြောင်း ဒီဗွီဘီ သတင်း တရပ်၌ ရေးသား ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုလက်သည်များမှာ စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော် များ၏ လက်ချက် ဖြစ်သည်ဟု ရဲချုပ် ခင်ရီက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့