..............................

Monday, December 20, 2010

နိုင်ငံရေးအကျဉ်းခံ ၁၆ ဦး လွတ်မြောက်

ဖနိဒါ
သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာအကျဉ်းထောင်များထဲမှ ပြစ်ဒဏ်စေ့ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးကို စစ်အစိုးရက လွှတ်ပေး လိုက်သည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး (မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ရဟန်းတော် ဦးစန္ဒိမာနှင့် ကိုကျော်ကျော်ဆန်း၊ ဦးချစ်ခင် ၊ ဦးမြင့်ဆွေ ၊ ကိုသိန်းဝင်း ၊ ဦးဟန်စိန် ၊ ဦးမောင်စိန် ၊ ဦးဌေးအောင်၊ ဦးစံဘော် ၊ ဦးစိုးအုန်း ၊ ဦးထွန်းမြင့် ၊ ကိုမောင်မောင်သန်း ၊ ဒေါက်တာရောဘတ် ဆန်းအောင်တို့ အစုအဖွဲ့နှင့် ကျောင်းသား သမဂ္ဂမှ သုံးယောက်ဖြစ်သည်။

၁၃ ဦးအဖွဲ့မှာ ၂ဝဝ၈ က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်း လမ်းလျှောက်ရာက လူ ၅ ဦးထက် ပိုမိုစုဝေးမှုဖြင့် ထောင် ၂ နှစ်နှင့် ၆ လ ချမှတ် ခံရသူများ ဖြစ်သည်။

ကိုဟန်ဝင်းအောင်၊ ကိုကျော်ကျော်နှင့် ကိုလွင်ကိုလတ်တို့ သုံးဦးကတော့ စစ်အစိုးရ လမ်းပြမြေပုံ ၇ ချက်ကို ဆန့်ကျင်မှုဖြင့် အဖမ်းခံရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များ ဖြစ်သည်။

“ကျနော်တို့ ပုံမှန် လွှတ်ရက် ပြည့်သွားလို့ပါ။ ကျနော်တို့ ၇ နှစ်ကို တရက်မှ လျှော့ရက် မရခဲ့ပါဘူး”ဟု ကိုဟန်ဝင်းအောင်က မဇ္စျိမကို ပြောသည်။

သူတို့နှင့်အတူအဖမ်းခံရသော ကိုနန္ဒဆွေအောင်နှင့် ကိုကျော်လင်းထွန်းတို့ နှစ်ဦးမှာ ထောင်ဒဏ် နှစ် ၂ဝ စီဖြင့် ကရင်ပြည်နယ် ဘားအံထောင်နှင့် အင်းစိန်ထောင်များတွင် အကျဉ်းကျနေဆဲ ဖြစ်သည်။

၂ဝဝ၃ သြဂုတ်လ ၃ဝ ရက်တွင် ဗကသအဖွဲ့ဝင် ၆ ဦးကို ထောက်လှမ်းရေးများက နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ ထောင် ၁၂ နှစ်ချခံရသော ကိုကျော်စိုးမိုးမှာ မနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့သည်။

“ကျနော်တို့ကို ထောင်ဘယ်လိုဘဲ ချချ၊ ဘယ်လိုဘဲ နှိပ်စက်ပါစေ ကျနော်တို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး။ ဒီယုံကြည်ချက် အပေါ်မှာ ဒီမိုကရေစီရေး၊ အမျိုးသား လွတ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဆက်လျှောက်သွားမှာ ဖြစ်တယ်”ဟု ကိုဟန်ဝင်းအောင်က မဇ္စျိမကို ပြောသည်။

ကိုဟန်ဝင်းအောင်မှာ ထောင်ထဲတွင် အဆုတ်ရောင် ရောဂါ ခံစားခဲ့ရသဖြင့် ဆေးကုသရန် လိုအပ်နေသည်။



Ref: မဇ္ဈိမ

0 comments:

အပေါ်သို့