..............................

Thursday, December 23, 2010

မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ

ဗုဒ္ဓဟူး, 22 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံက သတင်းသမားတွေဟာ ဆင်ဆာလုပ်တာတွေနဲ့ ပိတ်ပင် ကန့်သတ်တာတွေ ကြားကပဲ အဓိက ဖြစ်ရပ် ကြီးတွေကို သတင်းရေးသား ဖော်ပြ နိုင်ကြတယ် ဆိုတာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ပြသ ခဲ့ကြတယ်လို့ သတင်း မီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာ နိုင်ငံတကာ အဖွဲ့တခုက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက သတင်းသမားတွေဟာ အဓိက ဖြစ်ရပ်ကြီး ၂ ခုဖြစ်တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ တွေနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းတွေကို မကြာသေးခင် ကာလတွေအတွင်း ရေးသား ထုတ်လွှင့် နိုင်ခဲ့ကြတယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

ဆင်ဆာလုပ်တာတွေနဲ့ စောင့်ကြည့်ခံနေရတာတွေ ကြားထဲကပဲ မြန်မာ သတင်း မီဒီယာတွေဟာ သတင်း အမျိုးမျိုးကို ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေ ပြီးကတည်းက အစဉ်အလာ မရှိခဲ့ဘဲ ရေးသား တင်ပြနိုင်ခဲ့ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သတင်းထောက် တွေရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ တီထွင် ဖန်တီးနိုင်မှုတွေကို RSF အဖွဲ့က ချီးကျူး ပြောဆို ထားပါတယ်။

ရွေးကောက်ပွဲတွေဟာ မသမာမှုတွေနဲ့ ပြည့်နေခဲ့ပေမဲ့လည်း သတင်းဌာနတွေဟာ အနည်း ဆုံးတော့ ကိုယ်စားလှယ် လောင်းတွေကို ဆက်သွယ် မေးမြန်းတာတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ တင်ပြ နိုင်ခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။

သတင်းမီဒီယာတွေကို ပိုပြီး လွတ်လပ်ခွင့်ပေးဖို့ RFS အဖွဲ့က မြန်မာစစ်အစိုးရကို တိုက်တွန်း ထားပေမဲ့ ပေါ်ထွက် လာမယ့် လွှတ်တော် အသစ်ဟာ သတင်း မီဒီယာတွေပေါ် ထိန်းချုပ်ထားတာကို လျှော့ချပေးဖို့ အဆင်သင့် ဖြစ်ပုံ မရဘူးလို့ ပြောပါတယ်။

မြန်မာလူထု သုံးပုံနှစ်ပုံကျော်ဟာ ဗွီအိုအေ အမေရိကန်အသံနဲ့ ဘီဘီစီတို့လို နိုင်ငံတကာ ရေဒီယို အသံလွှင့် ဌာနတွေက ထုတ်လွှင့် တာတွေကို မကြာခန ဆိုသလို နားထောင် ကြတယ်လို့လည်း RSF က ပြောပါတယ်။

အဲဒီ ရေဒီယို သတင်းဌာနတွေဟာ မြန်မာလူထုအတွက် သတင်းနဲ့ အချက်အလက်တွေ အထောက်အပံ့ ပေးဖို့ အဓိကကျတဲ့ အခန်း ကဏ္ဍမှာ ရှိနေတယ်လို့လည်း RSF အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့