..............................

Thursday, December 23, 2010

ဂီရိအကူ ၄၅ ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလပူးပေါင်းအဖွဲ့ ပြော

ခိုင်စု
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂီရိမုန်တိုင်းသင့် ဒေသများအတွက် လိုအပ်သည့် အရေးပေါ် အကူအညီ၏ ၄၅ ရာခိုင်နှုန်းသာ ပေးနိုင် သေးကြောင်း ရန်ကုန် အခြေစိုက် ကုလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ UN-OCHA အစီရင်ခံစာက ဆိုသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်လျက်ရှိရာ ထိုအထဲမှ ၂ဝ.၅ သန်းကို ထောက်ပံ့ ပြီးပြီဟု ယခုလ ၂ဝ ရက်နေ့ထုတ် UN-OCHA အစီရင်ခံစာတွင် ပြောဆိုထားခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်တွင် အင်အားပြင်း ဂီရိဆိုင်ကလုန်းသည် ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့ရာ မြေပုံ၊ ကျောက်ဖြူ၊ မင်းပြားနှင့် ပေါက်တော ဒေသများ၌ ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၂ သိန်း ၆ သောင်းခန့် အခြေအနေမဲ့ကာ တသိန်းကျော်မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့သည်ဟု UN-OCHA က ဆိုထားသည်။

စာသင်ကျောင်း ၅၆ ရာခိုင်နှုန်း၊ စိုက်ပျိုးမြေဧက ၁၇၅ဝဝ ၊ ငါးမွေးမြူရေးကန် ဧက ၅ သောင်း၊ ငါးဖမ်းလှေ ၇ဝဝ ကျော် ပျက်စီး ဆုံးရှုံးသဖြင့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် နေ့စဉ်စားသောက်ရန် ခက်ခဲ နေဆဲဖြစ်သည်ဟု UN-OCHA အစီရင်ခံစာတွင် ပါရှိသည်။

သွားလာရန် ခက်ခဲသည့် နေရာများတွင် ပညာရေး၊ ကျန်းမာရေး၊ ဘဝရပ်တည်ရေးနှင့် အစား အသောက်များ လိုနေပြီး၊ ကျန်ရှိသည့် ကူညီရေး လုပ်ငန်းများတွင် ပါဝင် ကူညီကြရန် နိုင်ငံတကာ အလှူရှင်များကိုပါ တိုက်ထွန်း ထားသည်။

လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ဂီရိတိုက်အပြီး ၂ လအကြာတွင် ဒေသခံများ စားဝတ်နေရေး လိုနေသေးကြောင်း မုန်တိုင်းသင့် ဒေသများသို့ အစားအသောက် အကူအညီ ပေးရန် ယနေ့ ရောက်ရှိနေစဉ် မဇ္ဈိမကို ပြောဆိုသည်။

“ရွာတော်တော်များများကို ရောက်ခဲ့ပြီးပြီ။ သူတို့မှာ အိမ်တွေလည်း အမိုးအကာ မရှိသေးဘူး။ စားသောက်ဖို့ ဆိုလည်း တချို့ ရွာတွေမှာ ၁ ရက်၊ ၂ ရက်စာလောက်ပဲ ရှိပြီး၊ တချို့ရွာမှာ လောလော လတ်လတ် စားစရာ မရှိကြဘူး” ဟု သူက ပြောသည်။

ပေါက်တောမြို့နယ် ငါးရပွက်ကျိုင် တံငါရွာမှ ဒေသခံတဦးက ကုလနှင့် လူမှုရေးအဖွဲ့များက လှူဒါန်းသော်လည်း တံငါ လုပ်ငန်း လုပ်ကိုင်ရန် အရင်းအနှီးနှင့် ပစ္စည်း မရှိသဖြင့် အခက်အခဲ ရှိသည်ဟု မဇ္ဈိမကို ပြောသည်။

“စားဖို့က ဆန်၊ ဆီ၊ ပဲတွေ လာလှူနေကြလို့ လောလောဆယ် မစိုးရိမ်ရဘူး။ လှေတွေ၊ သစ်တွေ၊ ပိုက်တွေ ပါသွားလို့ ငါးဖမ်း မထွက်နိုင်ကြဘူး။ ရွာမှာ လူတွေလည်း အလုပ်လက်မဲ့ ဖြစ်နေတယ်” ဟု သူက ဆိုသည်။

ပေါက်တောမြို့နယ် မုန်တိုင်းသင့်ရွာများသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် CRPP က ဆန်နှင့် အစားအသောက်များ လှူဒါန်းခဲ့ပြီး၊ မြေပုံနှင့် ကျောက်ဖြူသို့ပါ သွားရောက် နေကြောင်း သိရသည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဂီရိသင့် ဒေသများအတွက် ကျပ် သိန်း ၁ဝဝ လှူဒါန်းထားသည်။

“WFP ရယ်၊ ဦးအေးသာအောင်တို့ အဖွဲ့ရယ် လာပြီး ဆန်လှူကြတယ်။ ရွာမှာ ဘာတွေ လိုအပ်ချက်ရှိလဲ၊ ရေတွင်း ရေကန် တူးဖော်နိုင်မယ့် အခြေအနေကို ပြောဆို ဆွေးနွေးသွားကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF က မုန်တိုင်းသင့် ကျောင်းများ တည်ဆောက်မှု မပြီးသေးသဖြင့် ယာယီ အသုံးပြုရန် နေရာ ၁ဝဝ အား မိဘရာဆရာများမှ တဆင့် ထောက်ပံ့ထားကာ၊ ကျောင်းသား ၇ဝဝဝ အတွက် ကျောင်းသုံး ပစ္စည်းများ ကူညီပြီးကြောင်း UN-OCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသခံက “ရွာမှာက စာသင်ကျောင်း မရှိဘူး။ ကလေးတွေ စာနည်းနည်းပါးပါး ဖတ်တတ်အောင် ဆရာမတွေ ကို ငှားပြီး (စပါးတောင်း) သင်ရတာ။ အခုက အလုပ်အကိုင်နဲ့ စားစရာတွေ မရှိတော့ မငှားနိုင်တော့ဘူး။ ကလေးတွေ ဒီအတိုင်းပဲ ရှိနေတယ်” ဟု ဆိုသည်။

ဥရောပ သမဂ္ဂ EU က ယခုနှစ် သဘာဝဘေးအန္တရာယ် ကျခဲ့သော ဖိလစ်ပိုင်၊ မြန်မာနှင့် ဗီယက်နမ်သို့ လူသားချင်း စာနာ ထောက်ထားစွာဖြင့် ယူရိုငွေ ၇ သန်း ကူညီမည်ဖြစ်ပြီး၊ ထိုအထဲမှ ၃ သန်းကျော်ကို မြန်မာနိုင်ငံ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသများ အတွက် ဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့