..............................

Friday, December 24, 2010

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁)

Dec, 24, 2010

စစ်အစိုးရ စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် 
ပြည်တွင်း သတင်းမီဒီယာများ တွေ့ဆုံ မေးမြန်းခန်း အပိုင်း(၁)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာ ငါးခုဖြစ်သည့် Venus ၊ ပြည်သူ့ခေတ်၊ 7 Day News၊The Voice ၊ ရန်ကုန်တိုင်းမ် တို့က တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပြီး အဆိုပါ အင်တာဗျူးများကို သက်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်း ဖော်ပြရန် ကြိုးစား ခဲ့ကြသော်လည်း စာပေ စိစစ်ရေး၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။


မြန်မာသတင်းသမား ကွန်ရက်သည် အဆိုပါ အင်တာဗျူးများကို ချိတ်ဆက်ထားသော သတင်း သမားများ ထံမှ တောင်းခံခဲ့ပြီး ယင်း အင်တာဗျူးများကို မြန်မာ သတင်းသမား ကွန်ရက်၏ Facebook တွင် ဖော်ပြ ပေးလိုက်ပါသည်။ သို့ရာတွင် မေးမြန်းသော ပြည်တွင်း သတင်း ဂျာနယ်များ၏ အမည်များကို လုံခြုံရေးအရ ထည့်သွင်း ဖော်ပြမည် မဟုတ်ကြောင်း အသိပေး အပ်ပါသည်။ အချို့ နေရာများတွင် မေးခွန်းများကို ဖျောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုသမျှကို အမေး၊ အဖြေ ပုံစံ မဖော်ပြတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ တစုတစည်းတည်း ဖော်ပြ လိုက်ပါသည်။


မြန်မာသတင်းသမားများကွန်ရက်(၂၃-၁၂-၂၀၁၀၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)

စိစစ်ရေးက ပိတ်ပင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်တစောင်၏ တွေ့ဆုံ မေးမြန်းခန်း

မေး။ ။ ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့ အတွက် လူငယ်နဲ့ ပတ်သက်ပြီး တခုလောက် မေးချင်ပါတယ်။ မျိုးဆက်သစ် မြန်မာ လူငယ်တွေက NLD လူငယ်တွေနဲ့ မတူပဲ သီးခြားပြီး နိုင်ငံရေးကို ပါဝင် လုပ်ဆောင်နေတဲ့ အစု အဖွဲ့ လေးတွေ ရှိပါတယ်။ ဥပမာ - လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ NGO စတဲ့ အစုအဖွဲ့တွေ ရှိပါတယ်။ အဲဒီ အစုအဖွဲ့တွေ အပေါ်မှာ အန်တီစုရဲ့ သဘောထား သိချင်ပါတယ်။ ဘယ်လို ဦးဆောင်သွားမယ် ဆိုတာ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ Diversity ပေါ့။ အဲဒါကို အန်တီ သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ပါတီ နိုင်ငံရေးကို အန်တီတို့ လုပ်ချင်တာ မဟုတ်ဘူး။ နောက်ပြီးတော့ အနှစ် ၂၀ အတွင်းမှာ NLD တစ်ဖွဲ့တည်း ရုန်းကန်ရတာ တော်တော်တော့ ပင်ပန်းတယ်။ NLD ကို ပေါ့နော်၊ အမျိုးမျိုး ဝေဖန်ကြတယ်။ ဝေဖန်စရာ အကြောင်းတွေလဲ ရှိပါတယ်။ အဲဒါတော့ မငြင်းပါဘူး။ ဒါပေမဲ့ NLD ကနေပြီး နိုင်ငံရေး လုပ်တဲ့ သူတိုင်းကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ကျန်တဲ့ လူတွေကလည်း တက်နိုင် သလောက်တော့ ရုန်းကန်တာပဲ။ ဒါပေမဲ့ အဲဒီမှာ ၀န်းရံမှုက နည်းနည်း အားနည်း သလိုပဲလို့ အန်တီ ထင်မိတယ်။ ထိုင်ပြီးတော့သာ NLD ကို ဝေဖန် နေကြတာ ပေါ့နော်။ ၀န်းရံပြီးတော့ ဘယ်လို ဖြစ်မြောက်အောင် လုပ်ပေးမလဲ ဆိုပြီးတော့ တကယ့် လက်တွေ့ကျကျ လုပ်ပေးတဲ့သူက အင်မတန် နည်းပါတယ်။ အခုမှာတော့ အန်တီ သတိထားမိတာ အရင်က ထက်စာရင် ဒီလို အစုအဖွဲ့တွေက ပိုများလာတယ်။ နိုင်ငံရေးရယ်တော့ မဟုတ်ဘူး။ လူမှုရေး အစုအဖွဲ့ သူတို့ တွေရဲ့ အနုပညာရှင်၊ စာပေ အသိုင်းအ၀ိုင်းပေါ့။ အဲဒီ အစုအဖွဲ့တွေ များလာတယ်။

ဒါဟာ နိုင်ငံအတွက် အလားအလာ ကောင်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ များလာတာတဲ့ အပြင် ဒီအစုအဖွဲ့ လေးတွေက အခု အန်တီ ထွက်လာပြီး အချိန်မှာ မြင်ရတာက “အန်တီမှားရင် လည်းမှားနိုင်တယ်၊ မှားရင် သားတို့ ပြင်ပေးရမှာပေါ့” NLD နဲ့ လက်တွဲပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အရင်တုန်းက ဆိုလို့ရှိရင် ၈၈ တုန်းကတောင်မှ အစု အဖွဲ့တွေက ကိုယ့်ဟာကိုယ် သွားမယ်၊ ကိုယ့်လမ်းကို သွားကြမယ်၊ NLD ကို တချို့က မလိုလားတောင်မှ ရှိသေးတယ်။ NLD ကို အဖွဲ့ကြီး မို့လို့ မလိုလားဘူး။ NLD ကို နည်းနည်း တွန်းရမယ်၊ ဘေးဖယ် ထားရမယ်၊ ဆန့်ကျင်ရမယ် ဆိုတဲ့ အမြင်ရှိ တဲ့ အဖွဲ့ လေးတွေတောင်မှ ရှိတယ်။

အခုကျတော့ အများစုက အန်တီတို့အတွက် အားတက်စေတဲ့ ကိစ္စ လူငယ် အဖွဲ့အစည်းတွေက လက်တွဲပြီး လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ်လို့ အန်တီမြင်တယ်။ အန်တီမှားရင် တော့ မှားမှာပေါ့နော်။ အန်တီတို့က ဖိတ်ခေါ်တဲ့ အခါမှာ လိုလို လားလားနဲ့ လက်ခံတာမျိုး မြင်ရတယ်။ အန်တီတို့ လူငယ်တွေ၊ NLD မဟုတ်တဲ့ အခြား လူငယ်တွေကို ဆွေးနွေးပွဲ တခု ဖိတ်ဖို့ အန်တီတို့ အစီအစဉ် တခု လုပ်ထားတယ်။ စပြီးတော့ ဆွေးနွေးမယ်၊ စကားပြောမယ်။ စကားပြောရုံတင် မကဘူး၊ အန်တီတို့က အတူတူ လက်တွဲပြီး လုပ်ချင်တယ်။ အခု ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို ကူညီဖို့ ဆိုပြီးတော့ အဖွဲ့တခု လွှတ်လိုက်တယ်။ အဲဒီအဖွဲ့ထဲမှာ ဆိုလို့ရှိရင် NLD တွေ မဟုတ်ပါဘူး၊ CRPP လည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ မှာ တသီးပုဂ္ဂလ အဖြစ် ၀င်အရွေးချယ် ခံတဲ့ ဦးဝင်းချိုလည်း ပါတယ်။ ဒါ အန်တီတို့က ဖိတ်ခေါ်တာပေါ့။ အရင် ကတည်းကလည်း အန်တီတို့ တွေ့ပြီးပြီလေ။

တသီးပုဂ္ဂလ တော်တော်များများနဲ့ တွေ့ပြီးပြီ။ အန်တီတို့က ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။ သပိတ်မှောက် ပေမယ့်လည်း ကိုယ်နဲ့ သဘောချင်း မတူလို့ ရန်သူလို့ အန်တီတို့ စိတ်ထဲမှာ မထားပါဘူး။ တချို့ ကိစ္စတွေမှာ သဘော မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ၀င်ခဲ့တာကို အန်တီတို့ ဆွေးနွေးတယ်။ ဘယ်လို ရည်မှန်းချက်တွေနဲ့ ၀င်ခဲ့တာလဲ။ သူတို့ တွေကလည်း ရှင်းပြကြတယ်။ ဒီတော့ အန်တီ ပြောချင်တာက ကောင်းပြီ၊ လွှတ်တော်ထဲ မရောက်လို့ ရှိရင်လဲ လွှတ်တော် အပြင်က နေပြီးတော့ ဒီ ရည်မှန်းချက်တွေကို လက်တွဲပြီးတော့ ဖော်ဆောင်လို့ ရတာပဲ ဆိုပြီးတော့ အဲဒီလိုပေါ့။ လက်တွေ့ ကျကျ လုပ်တာပေါ့။

(Facebook တွင် မြန်မာသတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)


0 comments:

အပေါ်သို့