..............................

Wednesday, December 22, 2010

တပ်မဟာ ၇ ဌာနချုပ်အား မြို့နယ်ခွဲအဆင့် အဖြစ် နအဖ တိုးချဲ့

Tuesday, 21 December 2010

ပြည်သူ့စစ် အသွင် ပြောင်းရန် သဘောတူထားသည့် အပစ်ရပ် SSA တပ်မဟာ ၇ ဌာနချုပ် ကာလိ ကျေးရွာ အုပ်စု အား အစိုးရ ဌာနပေါင်းစုံ ထားရှိကာ မြို့နယ်ခွဲ အဆင့် တိုးမြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

“ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က တောင်ကြီး အခြေစိုက် ရပခ တိုင်းမှူးက ကွန်ဟိန်းမြို့နယ် ကာလိအုပ်စု နဲ့ မိုင်းရှူးမြို့နယ် မိုင်းဇန် ကျေးရွာ အုပ်စုဘက် လာရောက် စစ်ဆေးတယ်၊ အဲဒီကျေးရွာအုပ်စု နှစ်ခုလုံးကို မြို့နယ်ခွဲ အဆင့် တိုးချဲ့မယ် ပြောတယ်” - ဟု ပြည်သူ့စစ် တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း ကပြော ပါသည်။

ဒီဇင်ဘာ ၁၇-၁၈ ရက်၌ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး နှင့် အဖွဲ့က နမ့်ဇန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ် နှင့် မိုင်းရှူးမြို့နယ် အတွင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ကာလိ ကျေးရွာအုပ်စု နှင့် မိုင်းဇန် ကျေးရွာအုပ်စု အား မြို့နယ်ခွဲ အဆင့် တိုးမြင့်၍ ဌာန ပေါင်းစုံ ရုံးစိုက်ရန် မြေနေရာများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ လုံခြုံရေး အတွက် ခြေလျင်/ ခြေမြန် တပ်ရင်းအပြင် အမြောက်တပ်ရင်းလည်း တိုးချဲ့ ချထားမည်ဖြစ်ကြောင်း - အမည် မဖေါ်လိုသည့် ကာလိဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောပါသည်။

“အဲဒီဒေသတွေကို မြို့နယ်ခွဲ အဆင့်တိုးမြှင့်မယ် ဆိုတာ အနာဂတ် စစ်ရေး အခြေအနေ အတွက် ကြိုတင် ပြင်ဆင် တာလဲ ဖြစ်တယ်၊ တနည်းအားဖြင့် လက်နက်ကိုင် တိုက်ခိုက်နေဆဲ အဖွဲ့တွေနဲ့ အသွင်ပြောင်းရေး ငြင်းဆန်တဲ့ အဖွဲ့တွေ ၀င်ထွက် ဆက်သွယ်မှု ခက်ခဲအောင်၊ အသွင်ပြောင်းရေးမူ လက်ခံထားတဲ့ ဖါးတပိုင်း ငါးတပိုင်း တပ်မဟာ ၇ တပ်ဖွဲ့ မလှုပ်ရှားနိုင်အောင် / သူတို့ရဲ့ ကျွန် ဖြစ်သွားအောင် လုံးဝ သွတ်သွင်းလိုက်တာဘဲ” - ဟု မြောက်ပိုင်းနေ သျှမ်းတော်လှန်ရေး သမားဟောင်း တဦးက ပြောပါသည်။

မိုင်းရှူးမြို့နယ် မိုင်းဇန်ဒေသ နှင့် ကွန်ဟိန်းမြို့နယ် ကာလိဒေသအား နအဖ တပ်ဝင် ရောက်ထိန်းချုပ် ပါက အသွင် ပြောင်းရေး လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ နှင့် ၀ တပ်ဖွဲ့တို့ ကြား ဆက်ဆံရေးလည်း ခက်ခဲ သွားမည် ဖြစ်ကြောင်း ၀ တပ်ဖွဲ့ အရာရှိ တဦးကလည်း ပြောပြပါသည်။

၂၀၁၀ ဧပြီ ၂၄ ရက်နေ့ မတိုင်ခင်အထိ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် SSA (အပစ်ရပ်) တပ်ဖွဲ့တွင် ဆိုင်ကျောက် (စိန်ကျော့) ဗဟို ဌာနချုပ်တပ်ဖွဲ့၊ မိုင်းရယ်မြို့နယ် မိုင်းခေး အခြေစိုက် တပ်မဟာ ၃ တပ်ဖွဲ့၊ ကွန်ဟိန်းမြို့နယ် ကာလိ အခြေစိုက် တပ်မဟာ ၇ တပ်ဖွဲ့နှင့် လက်ရှိ အခြေအနေအထိ အသွင်ပြောင်းရေး လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် ၀မ့်ဟိုင်း ဌာနချုပ် အခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့တို့ ရှိကြသည်။

ဦးလွယ်မောဝ် နှင့် ဦးကိုင်ဖတို့ ဦးဆောင်မှုဖြင့် တပ်မဟာ ၃ ၊ ၇ နှင့် ဆိုင်ကျောက် ဗဟိုဌာနချုပ်တို့ နအဖ ဆန္ဒ အတိုင်း အသွင် ပြောင်းရေး လက်ခံ ထားသော်လည်း ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သော တပ်မဟာ ၁ မှာ ယနေ့တိုင် အသွင်ပြောင်းရေး ငြင်းဆန် နေဆဲဖြစ်၏။ ထို့ကြောင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ နအဖတို့၏ ကျူးကျော်ရန်စ စစ်ပွဲ ၅ ကြိမ်ထက် မနည်း ရင်ဆိုင် တိုက်ခိုက် ခဲ့ရပြီးဖြစ်သည်။


Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့