..............................

Friday, May 8, 2009

ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည် ရောက်ရှိ

Thursday, 07 May 2009 21:16 ဖြိုးကြီး

ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက် အဖွဲ့ ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့် အတူ KNU အဖွဲ့သို့ ပြန်လည် ရောက်ရှိလာသည်။

စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များ အပေါ် ထားရှိသည့် သဘောထားကို မယုံကြည် ရတော့သည့် အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့် တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထု တရပ်လုံး အတွက် အာမခံချက် မရှိတော့သည့် အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေး လုပ်တယ် ဆိုတာက ကိုယ့် အမျိုးသားတွေ အတွက် ငြိမ်းချမ်းဖို့ လုပ်တာဆိုပြီး အဖိုး ထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ် ခိုင်းတာ လုပ်ရမယ်ဆိုတော့ ကျနော်တို့ ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။

ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီ အဖွဲ့များကို နအဖ အာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီး သူများကို ပါတီဖွဲ့ ရွေးကောက်ပွဲ ဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်အားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည် ဖွဲ့စည်းပြီး ကာကွယ်ရေး ဦးစီးချုပ် လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆို ဖိအားပေးခဲ့ သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့် ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကို ပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ် အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ် ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာ မဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ ကလဲ ငြိမ်းချမ်းရေးအဖွဲ့ ထဲမှာ ပါတီ ဖွဲ့နိုင်လောက်တဲ့သူ တယောက်မှ မမြင်ဘူး၊ အဖိုး ထိန်မောင်ဆိုရင်လဲ အသက်က ကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲ ဝင်နိုင်မလဲ” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များ အပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်၍လည်း “တစုံလုံ အတိုင်းအတာ ပြောရရင် ကျနော်တို့ လူထုတွေ နစ်နာတာပဲ ရှိတယ်၊ နအဖ လုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူ ပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံး အခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီ ဆိုတာလဲ တိုင်းသူ ပြည်သားတွေ အတွက် ဖြစ်လာမှာ မဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံး ပျက်သုဉ်း သွားမှာပါ” ဟု ပြောသည်။

နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည် ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆို နေခြင်းသည် လိမ်လည်မှု များသာဖြစ်ပြီး တကယ်တမ်း လက်တွေ့တွင် နွေးထွေးစွာ ကြိုဆို ဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ် ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ် တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ ကအစ သူတို့လုပ်ပေးတယ်၊ အခုလို ပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့ မဟုတ်ဘူး၊ နအဖ မီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေး ကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင် အင်အား ၃၀၀ ဝန်းကျင်သာ ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော် ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေ အရပ်ရပ်ကို အားလုံး သိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာ ကလဲ ချောက်ကမ်းပါးပဲ ဆိုတာကို သိလျှက်နဲ့ ဆက်မမှား စေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်း ပြောဆိုသည်။

ဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည် ရောက်ရှိလာသည့် အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေ မကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုး မရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့