..............................

Wednesday, May 6, 2009

လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

မေကျော်
အင်္ဂါနေ့၊ မေလ 05 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်း နိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန် အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆိုလိုက်သည်။

မကြာသေးခင်က ပြည်ပမီဒီယာ တခုက ငါးလုပ်ငန်း အဖွဲ့ချုပ်က သတင်းဌာနများကို လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်သည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ငါးလုပ်ငန်း ခန်းမတွင် အင်္ဂါနေ့တိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် ပုံမှန် အစည်းအဝေးတွင် ပြည်တွင်း သတင်းဌာနများသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

''ငါးလုပ်ငန်းကတော့ မီဒီယာပိုင်းမှာ ပွင့်လင်းတယ်လို့ ပြောလို့ရပါတယ်။ တခြား ဌာနတွေနဲ့ စာရင်။ သတင်း လောကမှာတော့ ငါးလုပ်ငန်းနဲ့ အာမခံက သတင်းဌာနတွေကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်တယ်လို့ ပြောလို့ရပါတယ်'' ဟု ပြည်တွင်း အခြေစိုက် အပတ်စဉ် ဂျာနယ်တခုမှ သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

သို့သော် သတင်းမီဒီယာများအနေဖြင့် ငါးလုပ်ငန်း သတင်းများကို ဖော်ပြရာတွင် ပြည်သူသို့ မထုတ်ပြန်သင့်သည့် သတင်း အချက်အလက်များ ပါရှိနိုင်သဖြင့် အဖွဲ့ချုပ်သို့ ပြန်လည်တိုင်ပင် စိစစ်ရန် လိုကြောင်း အမှုဆောင်ဖြစ်သူက ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများတွင် ၂ ကြိမ် မှားယွင်း ခဲ့ခြင်းကြောင့် ယခုလို ပြန်လည် စိစစ်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

သတင်းမီဒီယာကဏ္ဍတွင် ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပွင့်လင်းကြောင်း ပြည်တွင်း သတင်း ဌာနများက ဆိုသည်။

သို့သော် ပြည်တွင်း သတင်းဌာနတခုမှ တာဝန်ရှိသူ တဦးက ယခုလို ဖြည့်စွက် ပြောဆိုသည်။

သူက “မေးသမျှအကုန် ဖြေတယ်။ ဒါပေမဲ့ တချို့ သတင်းတွေကို ကျတော့ သတင်း မရေးပါနဲ့လို့ တခါထဲ ပြောတယ်” ဟု ဆိုသည်။

သို့သော်လည်း ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အဆိုပါ အမှုဆောင်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပြည်တွင်း မီဒီယာများကို သတင်းနှင့် ပတ်သက်၍ ပြည်သူသို့ ထိမ်ချန်ထားခြင်း မရှိပါကြောင်း ပြောဆိုခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့