..............................

Wednesday, May 6, 2009

စစ်အစိုးရတပ်ပိုင် စစ်လက်နက်တိုက် အဖောက်ခံရ

ဉာဏ်မောင် Tuesday, 05 May 2009

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁) လက်အောက်ခံ ရေစကြို မြို့နယ်တွင် အခြေစိုက်သည့် ခလရ (၂၅၆) တပ်ရင်းပိုင် စစ် လက်နက်တိုက်အား ယမန်နေ့ ညနေပိုင်းတွင် အဖောက်ခံခဲ့ရသည်။

အဆိုပါ စစ်လက်နက်တိုက်အဖောက်ခံရ၍ (MA-3) အမျိုးအစား လက်နက်ငယ်နှင့် ကျည်ဆံများ ပါသွားကြောင်း ခလရ (၂၅၆) တပ်ရင်း မိသားစုများနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

"လက်နက်တိုက်အဖောက်ခံရတာကို မနေ့က ညနေစောင်းလောက်မှာ တပ်ထဲက အရာရှိတွေ သိရတာ၊ အဲဒီမှာ (MA-3) ငါးလက်နဲ့ ကျည်ဆံ ကျည်ကပ်တွေ တော်တော်များများ ပါသွားတယ်၊ ကျည်ဆံက ၅၀၀၀ လောက်လို့ ပြောတာပဲ၊ ဒေသထဲမှာတော့ တော်တော်ကို စိုးရိမ် နေကြတာပေါ့။ ဒီလက်နက်တွေ ယူသွားတဲ့ သူက ဘာလုပ်မယ်မှန်းမှ မသိတာ" ဟု ပြောသည်။

အဆိုပါလက်နက်တိုက် အဖောက်ခံရမှုနှင့် ပတ်သက်၍ ခလရ (၂၅၆) တပ်ရင်းရုံး တာဝန်ကျ အရာရှိက လက်နက်တိုက် အဖောက် ခံရခြင်းသည် ဟုတ်မှန်ကြောင်းနှင့် တရားခံကို ခုချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပခုက္ကူ-မုံရွာသွား အောင်ချမ်းသာ ကားဂိတ်တွင် ဖောက်ခွဲရေး ပစ္စည်းများနဲ့ အတူ ချင်းအမျိုးသား လူငယ်တဦးကို ပခုက္ကူ ဒေသခံ အာဏာပိုင် အဖွဲ့က ဖမ်းဆီးခဲ့သည့် သတင်း ထွက်ပေါ်ခဲ့သည်။ အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများသည် (ကပစ)ထုတ် စစ်တပ်သုံး ယမ်းများဖြစ်ကြောင်း ရဲနှင့်နီးစပ်သည့် ဒေသခံများက ပြောသည်။

လက်နက်တိုက်အဖောက်ခံရခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်သို့ တိုင်းအဆင့် အာဏာပိုင်များ အခင်းဖြစ်ပွားသည့် ခလရ (၂၅၆) တပ်ရင်းတွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ရောက်ရှိနေကြောင်း သိရသည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့