..............................

Thursday, May 7, 2009

နယ်စပ်ရှိ မွန်ပြည်သစ်ပါတီနယ်မြေတွင် နိုင်ငံသားကတ်ပြား စတင် ထုတ်ပေး

ဝီရ / ၆ မေ ၂၀၀၉

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေး နယ်မြေများ အနက် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ မွန် တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) အရာရှိများက နိုင်ငံသားကတ်များ ကွင်းဆင်း ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ယမန်နှစ် ဖေဖော်ဝါရီလက အသက် (၁၈) နှစ် ပြည့်ပြီး သူများအား ပြုလုပ်ပေးထားသော ယာယီ မှတ်ပုံတင် ကတ်ပြား ရှိသူများကို နိုင်ငံသား ကတ်များဖြင့် ယမန်နေ့က တရက်တည်း ပြန်လည် ပြုလုပ်ပေးခြင်းဖြစ်သည်။ ယခု ပြုလုပ်ကြသူများ အနက် မွန်ပြည်သစ် ပါတီမှ ပါတီဝင်များလည်း ပါဝင်သည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကျနော်တို့ ပါတီဝင်တွေက ခရီး သွားလာရေးမှာ အခက်အခဲ ရှိကြတော့ ဒီမှတ်ပုံတင် လုပ်ချင်ရင်လည်း ပါတီအနေနဲ့ တားမြစ်မှာ မဟုတ်ဘူး။ သွားလုပ်တဲ့ သူတွေလည်း ရှိပါတယ်” ဟု ပြောသည်။

သို့သော် ယင်းသို့သွားရောက်လုပ်ကိုင်ကြသူများမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒ ထည့်ရန်အတွက် မဟုတ်ကြ ကြောင်းနှင့် ခရီးသွားလာရာတွင် လွယ်ကူ ချောမွေ့စေရန် အတွက်သာ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခရီးသွားလာရာတွင် အသုံးဝင်သဖြင့် ဤနိုင်ငံသား မှတ်ပုံတင်များကို ပြုလုပ် လိုကြသော်လည်း ဘတ်ငွေ (၁၀၀) ကုန်ကျမည် ဖြစ်သဖြင့် မတတ်နိုင်သူ အများအပြားလည်း ရှိကြောင်း ရွာသားများက ပြောသည်။

(၁) ရက်တည်းသာ လာရောက်ပြုလုပ်ပေးသည့် ယမန်နေ့၌ ခလောက်ဟနီနှင့် ပလက်ဒုန်ဖိုက် ရွာ (၂) ရွာမှ အယောက် (၇၀၀) ခန့်သာ ပြုလုပ်ခဲ့ကြသည်။ မှတ်ပုံတင် ထုတ်သည့် နေ့တွင်လည်း တဦးလျှင် ဘတ်ငွေ (၅၀) စီ ထပ်မံ ပေးရမည်ဖြစ်သည်။

ပထမပိုင်းတွင် လူတဦးအတွက် ဘတ်ငွေ (၃၀၀) ပေးဆောင်ရမည်ဟု ကြေညာ ထားသော်လည်း ပြုလုပ်သူ အရေအတွက် နည်းပါးနေ၍ ဘတ်ငွေ (၁၀၀) ဖြင့် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့