..............................

Thursday, May 7, 2009

အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ မေလ 06 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့ တပ်ဖွဲ့များကို အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ယခုနှစ် စက်တင်ဘာလ အထိ အချိန်ရကြောင်း တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များကို မြန်မာ စစ်အစိုးရက ပြောဆိုခဲ့သည်ဟု တိုင်းရင်းသား ဝ တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သော ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ထိပ်တန်း အရာရှိတဦးက စစ်အစိုးရက မိမိတို့ကို အသွင်ပြောင်း ဖွဲ့စည်းစေကြောင်းနှင့် အနိမ့်ဆုံးအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့အင်အား လျှော့ချ စေလိုကြောင်း ပြောခဲ့သည်ဟု သိရခြင်းဖြစ်သည်။

“ကျနော်တို့ တပ်မတော်ကို အသွင်ပြောင်း ဖွဲ့စည်းဖို့ နောက်ဆုံးရက်ကို စက်တင်ဘာ အပြီးလုပ်ရမယ်လို့ သူတို့ (စစ် အစိုးရ) က ရက်သတ်မှတ် ပေးလိုက်တယ်” ဟု အမည် မဖော်လိုသူ အဆိုပါ UWSA အရာရှိက ပြောသည်။

ဤသတင်းစကားကို ဧပြီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ် အရှေ့မြောက် တန့်ယန်းမြို့၌ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

တပ်ဖွဲ့ အရွယ်အစား လျှော့ချရန်နှင့် သူတို့အဖွဲ့တွင်းသို့ မြန်မာစစ်သားများ သွတ်သွင်းခြင်းကို စစ်အစိုးရက ပြုလုပ်လိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။ ထို့ပြင် စစ်အစိုးရက အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်ဖွဲ့များကို အပြည့်အဝ ဦးစီးကွပ်ကဲခွင့်ကိုလည်း ရရှိလိမ့်မည်ဟု ပြောသည်။

တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃ဝ ဦးကို ထည့်သွင်းမည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ဤသို့ စစ်အစိုးရ၏ တောင်းဆိုမှုသည် နောက်ဆုံး တောင်းဆိုမှုဖြစ်သည်။ ဧပြီလအတွင်း စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် အပစ်ရပ်အဖွဲ့ အများအပြားကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရက ယခုလို ထိန်းချုပ်ထားလိုပြီး သူတို့ကိုယ်တိုင် စီမံခန့်ခွဲလိုကာ၊ တပ်ဖွဲ့ဝင်များကို လစာပေးခြင်းဖြင့်လည်း တာဝန်ယူစေလိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ တောင်းဆိုချက်များကို ဗိုလ်ချုပ်ရဲမြင့် ခေါင်းဆောင်သည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ရှောက် မီလျံ ခေါင်းဆောင်သော ဝခေါင်းဆောင်များ တန့်ယန်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အရာရှိက ဆိုသည်။

“ဗိုလ်ချုပ်ရဲမြင့်က လူသစ်စုဆောင်းတဲ့ နေရာမှာ အသက်ကန့်သတ်ချက် လုပ်ဖို့လည်း ပြောတယ်။ အသက် ၁၈ နှစ်က ၅ဝ အထိပဲ လက်ခံရမယ်။ ၅ဝ ကျော်ရင် အနားယူရမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်လာသော UWSA တပ်ဖွဲ့က စစ်အစိုးရ၏ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ မဆုံးဖြတ်ရသေးကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ အစည်းအဝေးများ ကျင်းပပြီးမှသာ မကြာခင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။

“အခုတော့ ဘာမှ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ စစ်သားတွေ၊ ပြည်သူတွေအားလုံးနဲ့ ဆွေးနွေးဖို့ အခု စီစဉ်နေပါတယ်။ သူတို့သဘောထားတွေ ယူဖို့နဲ့ သူတို့ဆန္ဒတွေကို မှတ်သားရယူထားဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

အဆိုပါ ဝအဖွဲ့ကဲ့သို့ပင် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တပ်မတော် (KIO/KIA) ကလည်း ဧပြီလ ၂၈ ရက်နေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၌ KIO ခေါင်းဆောင်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တွေ့ဆုံစဉ် စစ်အစိုးရဘက်မှ အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်းသည့် သဘောထားများကို တောင်းခံရယူနိုင်ရန် လူထုအစည်းအဝေးကြီးတရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း ပြောသည်။

“မေလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာ လူထုအစည်းအဝေးတွေ ကျင်းပပါမယ်” ဟု KIO မှ အမည်မဖော်လိုသူ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထုနှင့် KIO အဖွဲ့ဝင်များက စစ်အစိုးရ၏ အဆိုပြုချက်များကို သဘောတူဖွယ်မရှိကြောင်း အဆိုပါ ဗိုလ်မှူးက ပြောသည်။ အဆိုပါ သဘောထား တောင်းခံသည့် လူထုအစည်းအဝေးကို တရုတ်-မြန်မာ နယ်စပ်ရှိ KIO ထိန်းချုပ်ထားသောနယ်မြေ လိုင်ဇာတွင် ကျင်းပမည်ဖြစ်သည်။

“စစ်အစိုးရ တောင်းဆိုသမျှသာ လိုက်လျောလိုက်ရင် ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲ လုပ်တာ ဘာအ"ိပ္ပာယ် ရှိမှာလဲ။ နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တာလည်း ဘာမှ အ"ိပ္ပာယ် မရှိတော့ဘူး” ဟု ထိုဗိုလ်မှူးက ပြောသည်။

သို့သော် KIO က မည်သို့ဆုံးဖြတ်ဖွယ်ရှိသည် ဆိုသည့်အချက်ကို ပြောကြားရန်မူ သူက ငြင်းဆိုသွားသည်။

အလားတူ အစည်းအဝေးများကို စစ်အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့နှင့်လည်း သီးခြားစီ ပြုလုပ်ခဲ့သည်။

ယခု စစ်အစိုးရ၏ တောင်းဆိုချက်ဖြစ်သော အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းလဲ ဖွဲ့စည်း၍ စီမံခန့်ခွဲမှုကို စစ်အစိုးရလက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်သည် ယခင်မူလ စီမံကိန်းဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ လက်နက်ဖြုတ်ရန် တောင်းဆိုချက်နှင့်စာလျှင် တဆင့်နိမ့်နေသည်။

စစ်အင်အားနည်းပါးသော အဖွဲ့များအနေဖြင့်မူ စစ်အစိုးရ၏ ဤတောင်းဆိုချက်ကို ထွက်ပေါက်အနေနှင့် လက်ခံစဉ်းစားနိုင်သည်။

“အင်အားတောင့်တဲ့ အဖွဲ့တွေကတော့ ဒီတောင်းဆိုချက်ကို လိုက်နာမယ်လို့ ကျနော် မထင်ဘူး။ ဒါပေမဲ့ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) လို အဖွဲ့တွေကတော့ အစကတည်းက စစ်အစိုးရဘက် ရောက်နေပြီးသားဆိုတော့ လိုက်နာဖွယ် ရှိနေပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“အပစ်ရပ်အဖွဲ့တွေ စစ်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုပဲ ဒီအဖွဲ့တွေက တခုတည်းထွက်ဖို့၊ တဖွဲ့တည်းအဖြစ် စုပေါင်းရပ်တည်ကြဖို့ ပြင်ဆင်နေကြတယ်” ဟု သူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့