..............................

Wednesday, May 6, 2009

တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေ အတွင်း သဘောထားကွဲ

NEJ / ၅ မေ ၂၀၀၉

တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့် တပ်အဖြစ် မြန်မာ စစ်အစိုးရက ပြင်ဆင် ဖွဲ့စည်းပေးမည်ကို သဘောတူ လက်ခံသော်လည်း တပ်ဖွဲ့ဝင် အင်အား လျှော့ချမည့် ကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

၎င်းက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေကို နိုင်ငံတော်က နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းမှာကို သဘောတူပေမယ့် တပ်ဖွဲ့ဝင် အင်အား လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသ အသီးသီးက ခေါင်းဆောင်တွေနဲ့ ဗဟိုအဆင့် ခေါင်းဆောင်တွေ သဘောထား ကွဲနေကြလို့ ဒီလဆန်းကနေ စပြီးတော့ ဌာနချုပ်မှာ အစည်းဝေး ထိုင်နေရတယ်” ဟု ပြောသည်။

ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိ ဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေ အဆင့်များကို တပ်မတော်က အဆင့်ဆင့် ကွပ်ကဲ အုပ်ချုပ်သွားမည် ဖြစ်သည့် အတွက် အစည်းအဝေး ထိုင်ရခြင်း ဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့် အရာရှိက ပြောသည်။

ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့ အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန် လုံးဝ အစီအစဉ် မရှိကြောင်း၊ နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့် အတိုင်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီ ခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အား အဆပေါင်းများစွာ လျှော့ချမည့် ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘော မတူကြဟု သိရသည်။

ဒီကေဘီအေဖွဲ့စည်းပုံအရ မြိုင်ကြီးငူ ဗဟိုဌာနချုပ် အပါအ၀င် လက်အောက်ခံ (၃၃၃၊ ၅၅၅၊ ၉၉၉) စသည့် တပ်မဟာ (၃) ခုရှိပြီး လက်နက်ကိုင် အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု ဒီကေဘီအေ မှတ်တမ်းအရ သိရှိရကာ နအဖ သတ်မှတ်ထားသည့် အတိုင်း တပ်အင်အား လျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည် ဖြစ်သည်ဟု သိရှိရသည်။

ဒီကေဘီအေအဖွဲ့သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ခဲ့ပြီး မြန်မာ စစ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံ ဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေ အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့