..............................

Wednesday, May 6, 2009

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အမှု အယူခံပယ်ချ၊ အယူခံပိုင်ခွင့် အခွင့် အရေး မရရှိ

မင်းနိုင်သူ / ၅ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကို နအဖ စစ်အစိုးရက ပယ်ချလိုက်ပြီ ဖြစ်သည်။

အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့် ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။

နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်း ခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ထပ်မံ တင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ (BLC) အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ BLC နဲ့ လန်ဒန် အခြေစိုက်တဲ့ ရှေ့နေကြီးများ အဖွဲ့ကနေ ပြီးခဲ့တဲ့ လကတည်းကကိုပဲ ကုလသမဂ္ဂ လက်အောက်မှာရှိတဲ့ စိတ်ထင်မြင်ရုံနဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို တင်ပြီးတော့ အဆုံးအဖြတ် တောင်းခဲ့တယ်။ အဲဒီ အဖွဲ့ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင် ထားတာဟာ ပြည်တွင်း ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရရော ဥပဒေနဲ့ မညီညွတ်ဘူး ဆိုတာကို ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။

တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့် ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့် ရှိသော်လည်း တနှစ် ထပ်မံ တိုးချုပ်ခဲ့ခြင်း သည်ပင်လျှင် နအဖ စစ်အစိုးရ အနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြ ပြောဆိုသည်။

“ပြည်တွင်းဥပဒေကိုလည်း ဆန့်ကျင်တယ်။ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးဥပဒေ ပုဒ်မ (၇)၊ ပုဒ်မခွဲ (၁/င) မှာပါတဲ့ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကြီးမားစွာ ထိခိုက်စေခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း လုံးဝချိုးဖောက်ရာရောက်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အမှုအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီး ချုပ်နှောင်နေတာတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေ၊ နောက် တရားစီရင်ရေး စနစ်ကို ဖိနှိပ်ရေး ကိရိယာအဖြစ် သုံးတဲ့ကိစ္စတွေ၊ တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်နေတာတွေ အားလုံး စုပေါင်းပြီးတော့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေ အရေးယူ ဆောင်ရွက်ခွင့် ရလာအောင် ကြိုးစားနေပါတယ်” ဟု ဦးအောင်ထူးက ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့ရဲ့ သဘောထား ကတော့ အယူခံပိုင်ခွင့် အခွင့်အရေးကို အပြည့်အ၀ မရခဲ့ဘူး။ အယူခံကို ကြားနာခြင်း မရှိဘဲ ပယ်ချလိုက်တဲ့ အတွက် အခွင့်အရေး အပြည့်အ၀ မရခဲ့ဘူး။ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်အမှု ပလပ်ခံရမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းကြား နိုင်ရန် ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းတပ်ဖွဲ့ကို တောင်းဆိုထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့