..............................

Monday, April 20, 2009

NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ

ဖနိဒါ
ဧပြီလ 18 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ရင်းနှီးသူ အသက်၂၅ နှစ်အရွယ် ကိုသီဟထွန်းအား အာဏာပိုင်များက ပြီးခဲ့သည့် သင်္ကြန် အကြိုနေ့ ဧပြီ ၁၃ရက်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင် တဦးက အတည်ပြု ပြောကြားသည်။

ကိုသီဟထွန်းအား ဒေါပုံမြို့နယ် မ-ယ-က ဥက္ကဌ ကိုယ်တိုင် ဧပြီလ ၁၃ ရက်နေ့က နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီး ခံရသည်ဟု ကြားသိရကြောင်း သို့ရာတွင် အတည် မပြုနိုင်သေးကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကြာပြီ ၄၊ ၅ ရက်လောက် ရှိမယ်။ ဘယ်မှာ ထားမှန်းတောင် မသိသေးဘူး။ အိမ်မှာဘဲ ဥက္ကဌ ကိုယ်တိုင် လာခေါ်သွားတာ။ ခုစုံစမ်းလို့ ရတာက ၅ ညနဲ့လို့ နိုင်ငံရေး အမှုလို့ စုံစမ်းရတာဘဲ” ဟု သူ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခု အဖမ်းခံရသူ ကိုသီဟထွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နီးစပ်သူတဦး ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများတွင်မှု လိုက်ပါ ဆောင်ရွက်ဖူးခြင်း မရှိဟု ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့