..............................

Monday, April 20, 2009

မုန်တိုင်း အန္တရာယ်မှ မြန်မာပြည် ကင်းလွတ်

Sunday, 19 April 2009
ကိုစိုး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်နိုင်ကြောင်း သတိပေး ကြေညာထားသော ဘစ်ဂျလီ ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်မှ ကင်းလွတ်သွားပြီဟု မြန်မာအစိုးရက ယနေ့ ထုတ်ပြန် ကြေညာသည်။

ဘစ်ဂျလီ ဆိုင်ကလုန်း မုန်တိုင်းသည် သောကြာနေ့ညက ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက် တိုက်ခတ် သွားပြီးနောက် အစိမ်းရောင် အဆင့်ဖြင့် အန္တရာယ် ကင်းရှင်းသွားပြီဟု သတ်မှတ်ကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ကြေညာ ထားခြင်းဖြစ်သည်။

“ကျနော်တို့ မုန်တိုင်း သတိပေးချက်ကို ရုပ်သိမ်းလိုက်ပါပြီ”ဟုလည်း မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က အေပီ သတင်းဌာသို့ ပြောဆိုသည်။

သို့သော် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို ဖြတ်ကျော်၍ အရှေ့ဘက် သို့ ဆက်လက် ရွေ့လျားလျှက် ရှိရာ စနေနေ့ နံနက်ပိုင်းမှ၂၄ နာရီအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်း နိုင်ကြောင်းလည်း သတင်းစာ ကြေညာချက်တွင် ပါရှိသည်။

ယင်း မိုးသည်းထန်မှုကြောင့် ကုန်းမြင့်ဒေသရှိ ချောင်းများ၊ မြစ်ငယ်များတွင် လျှပ်တပြက် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ဒေသခံများ သတိပြုရန်လည်း မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာနက သတင်းစာတွင် နှိုးဆော် ထားသည်။

အဆိုပါ ဘစ်ဂျလီ မုန်တိုင်းသည် ပြီးခဲ့သည့်သောကြာနေ့ ညပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသ စစ်တကောင်း- ကောက်စ်ဘဇား တို့သို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိ ကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများရှိလူပေါင်း ၃ သိန်းကျော်ကို ဘေးလွတ်ရာသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မုန်တိုင်း ၀င်ရောက်တိုက်ခိုက်စဉ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်းတော ဒေသများ ကို မုန်တိုင်း အဖျားခတ်မှု ရှိသည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သေးသည်။

ယနေ့ထုတ် သတင်းစာတွင်မူ မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးမှု တစုံတရာ မရှိကြောင်း ဖော်ပြ ထားသည်။ ယခု ဘစ်ဂျလီ မုန်တိုင်းသည် ယမန်နှစ် မေလက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့ ၌ တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှု တနှစ်ပြည့်ရန် ၂ ပတ်ခန့် အလိုတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက် နှင့် ၃ ရက် က တိုက်ခတ်ခဲ့သော ယင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ပြီး ၂.၄ သန်း ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်း ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့