..............................

Wednesday, April 22, 2009

နိုင်ငံရေး နဲ့ ဘောလုံး ဆက်စပ်နေသလား

Tuesday, 21 April 2009

မြန်မာ စစ်အစိုးရက ပုဂ္ဂလိက ဘောလုံး အသင်းကြီးများ ပေါ်ပေါက်လာရန် ပြီးခဲ့သည့် လက စီစဉ် လိုက်ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ဆက်နွယ်နေသည်ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး အကဲခတ်များက ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ အစိုးရ ထောက်ခံတဲ့ ပါတီတွေကို မဲထည့်ဖို့ စည်းရုံးရေး လုပ်တယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် လူတွေ ကြိုက်တတ်တဲ့ ဘောလုံးပွဲတွေကို လုပ်ပြနေတာပါ” ဟု ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တဦးက ဆိုသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရက စီးပွားရေး လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်နိုင်ရန် မကြာသေးမီက စီစဉ် ပေးခဲ့ ကြောင်းလည်း ရန်ကုန်မှ အကဲခတ်တဦးက ထောက်ပြသည်။

အဆိုပါ အကဲခတ် ထောက်ပြသည့် အချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြင်ဆင်မှု ပြုလုပ်ခဲ့သော စည်းမျဉ်း စည်းကမ်းများကို ဆိုလိုခြင်း ဖြစ်သည်။

အသင်း၏ စည်းမျဉ်းတွင် ပါဝင်သော အသင်းဝင်များသည် နိုင်ငံရေး ပါတီ တခုခု၏ အဖွဲ့ဝင် သို့မဟုတ် ထိပ်တန်း ဦးဆောင်သူ မဖြစ်စေရ ဟူသည့် အချက်ကို UMFCCIက ပယ်ဖျက်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းကို ဖွဲ့စည်း ထားကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လဆန်းပိုင်းတွင် ကြေညာခဲ့သည်။ ထိုအသင်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရန်ကုန်၊ မန္တလေး စသည့် တိုင်း ၇ တိုင်းကို ကိုယ်စားပြုသည်ဟု သိရသည်။

ရန်ကုန် အခြေစိုက် အားကစား အယ်ဒီတာ တဦးက “ အခုလို ဒေသအလိုက် ဘောလုံး အသင်းတွေ ခွဲထားခြင်းဟာ ဘောလုံး ပိုင်ရှင်တွေ အတွက် သူ့ ဒေသဆိုင်ရာ ဒေသခံတွေကို လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်နိုင်ဖို့ မျှော်လင့်ထားပုံရတယ်” ဟုလည်း ပြောသည်။

စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းထားသည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန် ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ)၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ် ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာ ယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ ) တို့ ဖြစ်သည်။

ပြည်ပမှ အားကစား အယ်ဒီတာ တဦးက ဘောလုံး အသင်းများကို အစိုးရ ဝန်ကြီး ဌာနများ လက်အောက်တွင်သာ ထားရှိခဲ့ရာမှ ပုဂ္ဂလိကပိုင်သည့် ကြေးစား အသင်းများ အဖြစ်သို့ ပြောင်းလဲခြင်းသည် ဘောလုံး လောကကို မြှင့်တင်ရာ ရောက်သည် ဟု ပြောသည်။

“ပုဂ္ဂလိက ဘောလုံးအသင်း ထောင်ခိုင်းတာနဲ့ ပတ်သက်လို့ တကယ်တမ်း ဘောလုံးလောက တိုးတက်ဖို့ အတွက် ထောင်ခိုင်းတယ် ဆိုရင် တပိုင်းက ကောင်းတယ်လို့ ပြောလို့ရသလို၊ တပိုင်းကလည်း လုပ်ငန်းရှင်တွေကို အတင်း စီစဉ်၊ ရင်းနှီး မြှုပ်နှံခိုင်းတာနဲ့ ဘောလုံး လောက တိုးတက်မလား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။ တဘက်ကလည်း အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ပြောင်းမှ တိုးတက် မယ်ဆိုတာလည်း ရှိသေးတယ်လေ” ဟု ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) ၏ အားကစား အယ်ဒီတာ တဦး ဖြစ်သူ ကိုဇင်မောင်က ပြောသည်။

“ခုမှ စတာတောင် နောက်ကျနေပြီ၊ ဘေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့မှာ စောစော ပြောင်းလဲနိုင်တဲ့ အတွက် အဆင့် တခုကို ရောက်သွားပြီ၊ ပြောင်းလဲနိုင်တဲ့အတွက် အသီးအပွင့်တွေကို ခံစားနေရပြီလေ” ဟုလည်း ကိုဇင်မောင်က ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့