..............................

Monday, April 20, 2009

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီတစ်ဦး လုပ်ကြံခံရ

Sun 19 Apr 2009,

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ ခရိုင် ကော်မတီဝင် တစ်ဦး ယမန်နေ့တွင် မော်လမြိုင်မြို့နယ် ဖားအောက်ရွာနှင့် ရိုးဂိုးရွာကြား အဝေးပြေးလမ်း ပေါ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံရပြီး ပွဲချင်းပြီးသေ ဆုံးခဲ့သည်။

လုပ်ကြံခံရသူ နိုင်မင်းနောင်သည် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေး ရွာများမှ (စစ်ပြေးဒုက္ခသည်) ပြည်သူများ အတွက် ရိက္ခာဆန် စုဆောင်းဝယ်ယူရန် လုံးပမ်းရင်း မော်လမြိုင်မြို့မှ အပြန် ညနေ ၄ နာရီခန့်တွင် နောက်မှ ထပ်ကြပ်မ ကွာလိုက်လာသော သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရာမှ ဆေးစစ်အ တည်ပြုမှု ရယူရန်အတွက် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ခဲ့သည်ဟု ၄င်း၏ အသုဘ အခမ်းအနားအတွက် လုံးပမ်းနေသော ပါတီဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်း ခံထားရကြောင်း ထိုင်းနိုင်ငံမှ လာသော လက်နက် တစ်မျိုးဖြင့် ပစ်ခတ်ထား ခြင်းဖြစ်ကြောင်း လုပ်ကြံ ခံရသော နေရာ အနီးတဝိုက်မှ ရှာဖွေ တွေ့ရှိခဲ့သော ကျည်ခွံကို အတည်ပြု၍ ၄င်းကပြောသည်။

“ဒီအမှုအတွက် လက်သည်ကို ကျနော်တို့ အတည် မပြုနိုင်သေးဘူး၊ အသုဘချဖို့ ကျနော်တို့ လုံးပမ်း နေတုံးပဲ၊ ဒါပေမယ့် မကြာခင် အဖြေတွေ့မှာပါ” ဟု ၄င်းက ဆက်ပြောသည်။

နိုင်မင်းနောင်သည် ၂၀၀၈ ခုနှစ် မွန်ပြည်သစ်ပါတီ သတ္တမ အကြိမ်မြောက် ညီလာခံမတိုင်မီ ဘုရားသုံးဆူ မြို့နယ် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း၌ အားကြိုး မာန်တက် ဆောင်ရွက် ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေရာမှာ ရိုးဂိုးရွာဝင်လမ်း ထိပ်ရှိ စစ်ဆေးရေး ဂိတ်နှင့် ကိုက် ၆၀၀ ကျော်ခန့်သာ ကွာခြင်းကြောင့် ယခုလုပ်ကြံမှုတွင် ဒေသခံ အာဏာပိုင်များ မျက်ကွယ် ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၄င်းအပြင် ဆန်ရိက္ခာ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၈၀) ကို မော်တော် ဆိုင်ကယ်နှင့် သယ်ဆောင် လာစဉ် လုပ်ကြံခံရသော် လည်း လုပ်ကြံသူများ ၄င်းငွေကို မယူဆောင်သွားခြင်းမှာ နောက်ကြောင်း တစ်ခုခုကြောင့် လုပ်ကြံခြင်းသာ ဖြစ်ကြောင်း ပါတီဝင်များက သုံးသပ်ကြသည်။

“သူဟာ အလုပ်သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲ၊ လူငယ်တွေရဲ့ တိုးတက်မှုကို အားပေးတဲ့ သူတစ်ယောက်ပဲ၊ နောက်ပြီး တိုင်းရင်းသား အချင်းချင်း စုပေါင်း လုပ်ဆောင်မှု စုပေါင်း အားထုတ်မှုကို သိပ်မြတ်နိုးတဲ့ သူတစ်ယောက်ပဲ” ဟု မဲဆောက်မြို့ အခြေစိုက် မွန် အဖွဲ့အစည်း တစ်ခုမှ နိုင်ဥက္ကာက ၄င်းရင်းနှီးခဲ့သော နိုင်မင်းနောင်အပေါ် သုံးသပ်ခဲ့သည်။

ဆန်ရိက္ခာဝယ်ယူရန်အတွက် ၄င်းနှင့်အတူပါလာသည့် ငွေကျပ်သိန်း (၁၈၀) နှင့် ၄င်း စီးနင်းလာသည့် မော်တော် ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ ရဲစခန်းမှ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ညနေ ၃ နာရီ ကျော်ခန့်၌ မော်လမြိုင်မြို့ သုဿန်၌ မီးသင်ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

နိုင်မင်းနောင်သည် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသား ဘဝမှ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

မွန်ပြည်သစ်ပါတီတွင် စစ်သည်ဘဝ သတင်းထောက်လှမ်းရေး တပ်၌ ဒုအရာခံဗိုလ် အဆင့် ထားဝယ် ခရိုင်မြို့နယ် ကော်မတီဝင်၊ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူး စသည့် ရာထူး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး မွန်ပြည်သစ် ပါတီ၏ သတ္တမ အကြိမ်ညီလာခံမှစ၍ ခရိုင်ကော်မတီ အဆင့်ဖြင့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေးရွာရွေ့ပြောင်းခံရသော ပြည်သူများအတွက် ဆန်ရိက္ခာ စုဆောင်းရန် ကြိုးပမ်းရင်း လုပ်ကြံခံရခြင်း ဖြစ်သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

0 comments:

အပေါ်သို့