..............................

Thursday, April 23, 2009

မြန်မာ့မူဝါဒ အမေရိကန် ပြန်သုံးသပ်မှု နိုဘယ်ဆုရှင် စိုးရိမ်

22 April 2009

မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည် သုံးသပ် နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း ၁၉၉၇ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျမ်စ် က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ပြဌာန်းဘို့ လိုပြီး ကုလသမဂ္ဂ အနေနဲ့လည်း အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဂျိုဒီဝိလျမ်စ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါ လိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်တွေ သိန်းချီ စုဆောင်းနေတဲ့ လှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်နေတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဂျိုဒီ ၀ီလျမ်စ်က အမေရိကန် ပြည်ထောင်စု ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးမှုနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ မြန်မာ စစ်အစိုးရနဲ့ အမျှော်အမြင်ရှိရှိ ထိတွေ့ ဆက်ဆံရေး၊ အပြုသဘော ဆောင်တဲ့ ထိတွေ့ ဆက်ဆံရေး ဆိုတာတွေကို စဉ်းစား လာနေပါတယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ သမိုင်းမှာ သူ့ရဲ့ အကျိုးစီးပွားအတွက် အရင်တုန်းကလည်း ဖိနှိပ်သတ်ဖြတ်တဲ့ အစိုးရတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ဘူးပြီး ဒါဟာ မှားယွင်းတဲ့ မူဝါဒတခုသာ ဖြစ်တယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့ အချိန် ဝေဖန် ပြောဆိုခဲ့တာပါ။

"မြန်မာစစ်အစိုးရနဲ့ အမြော်အမြင် ရှိရှိ ထိတွေ့ ဆက်ဆံရေးမူကို ကျင့်သုံးမယ် ဆိုရင် ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ ဒီ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုဟာ အမြော်အမြင် ရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ အရေးယူ ပိတ်ဆို့မှုတွေကို မရုပ်သိမ်း သင့်ဘူးလို့ ကျမ မြင်ပါတယ်။ စစ်အစိုးရကို ဆက်ပြီး ဖိအားပေးရပါ လိမ့်မယ်။"

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံကတော့ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဟာ အပြောသက်သက် ကြေညာချက် ထုတ်တဲ့ အဆင့်ပဲ ရှိနေတယ်လို့ ဝေဖန်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ အရေးမှာ အဖွဲ့ဝင် နိုင်ငံတွေအကြား အဆက်အစပ် ရှိရှိ ဆောင်ရွက် သွားနိုင်ဘို့ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဗွီအိုအေက မေးခဲ့တာပါ။

"တိဘက်နဲ့ ဒါဖိုးအရေး ကိစ္စတွေကို ဥပမာ ပေးရမှာပါပဲ၊ ကုလသမဂ္ဂက ကြေညာချက်တွေ ပြင်းပြင်း ထန်ထန် ထုတ်ပြန် တာတော့ ရှိပါတယ်။ ဒါပေမယ့် ကြေညာချက်တွေ အတိုင်း ထိထိ ရောက်ရောက် လုပ်တာ မရှိပါဘူး။ ကြေညာချက်မှာ ပါတဲ့ စကားလုံးတွေက သိပ်လှတယ်။ ကဗျာဆရာတွေ အကြိုက်ပေါ့။ အပြောသက်သက်နဲ့ တော့ စစ်အစိုးရဘက်က ဂရုစိုက်မှာ မဟုတ်ပါဘူး။"

မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကလည်း မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ ဆက်ဆံပြီး အကူအညီတွေ ပေးတာဟာ အခြား အာဏာရှင် အုပ်ချုပ်ရေး စနစ်တွေကို ပြောင်းလဲအောင် လုပ်သလို မြန်မာ စစ်အစိုးရကို မလုပ်နိုင်ဘူးဆိုတာ အတွေ့ အကြုံတွေက ပြသနေတယ်ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါ တယ်။ အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်း လိုက်တာဟာ စစ်အစိုးရကို တရားဝင် အုပ်ချုပ်ခွင့်နဲ့ လူထုကို ဖိနှိပ်ခွင့်ပေးလိုက် သလို ဖြစ်လိမ့်မယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကျပ်အတည်းကို မီးမောင်း ထိုးပြနိုင်မယ့် ဘယ်လို လှုပ်ရှားမှုမျိုးမဆို ထိရောက်မှု ရှိတယ်လို့ ဂျိုဒီဝီလျမ်စ်က ပြောပါတယ်။

သူနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ သက်ရှိထင်ရှား ကျန်နေတဲ့ အမျိုးသမီး နိုဘယ်ဆုရှင် ခြောက်ယောက် အနေနဲ့ မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသလို ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ချမှတ်ထားတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာနိုင်မယ်လို့ ယုံကြည်တဲ့ အတွက်လည်း ငြိမ်းချမ်းရေး အတွက် လှုပ်ရှားနေသူ တယောက်အဖြစ် ဆက်ပြီး ရပ်တည်နေတဲ့ အကြောင်း ဒါပေမဲ့လည်း အချိန် ကာလဟာ မျှော်လင့် ထားတာထက် ပိုပြီး ကြာတဲ့အတွက်တော့ တခါတလေမှာ စိတ်ပျက်မိတယ်လို့ သူက ပြောဆိုပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့