..............................

Tuesday, April 21, 2009

NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို

ကိုဝိုင်း
ဧပြီလ 20 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေး သိက္ခာကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။

ဝ’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်း တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲသို့ ပေးပို့သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောင် နိုင်သည်အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင်ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

“ဝလက်နက်ကိုင် တပ်ဖွဲ့က သူ့အနေနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာ ရှိတာကတော့ တကဏ္ဍ ပေါ့လေ။ ဒါပေမဲ့ အခု ၂၀၀၈ ဆိုရင် ဝ’ နယ်ထဲမှာ မူးယစ်ဆေးဝါး မရှိတော့ဘူး ဆိုပြီး သူတို့ ကြေညာလို့ ရပြီ။ အခု လှုပ်ရှားနေတာက ဝ’ အမျိုးသားအတွက် တကယ် ခိုင်ခိုင်မာမာ ရပ်တည် လှုပ်ရှားနေတာကို ကြည့်ရင် အန်ဒီအက်အနေနဲ့ လက်တွဲပြီးတော့ လုပ်နိုင်တယ်။ UWSP ကလည်း ဝ’ အမျိုးသားကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့ အဖွဲ့ အစည်းတခု ဖြစ်တယ်ဆိုပြီး အန်ဒီအက်က သုံးသပ်ထားတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန် တိုက်ခိုက်မည် ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။

“သဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ အကြောင်း မပြန်သေးပါဘူး။ သဝဏ်လွှာကို လက်ခံ ရရှိကြောင်းကိုတော့ အကြောင်းပြန်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြားထဲမှာ တင်ပြပေးမယ် ဆိုပြီးတော့ သူတို့ နိုင်ငံခြားရေး ဌာနက အကြောင်းပြန်တယ်။ ဝသပ မှာလည်း ဖိအားတွေ အမျိုးမျိုးရှိတော့ နအဖ ကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး တော်လှန် တိုက်ခိုက်ဖို့။ တံခါးဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

‘ဝသပ’ ဥက္ကဋ္ဌ ပေါက်ယူချန်းကမူ နအဖ စစ်အစိုးရနှင့် မတူညီချက်များကို ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ပြီး တိုးတက်သည့် ဒေသကြီးတခု ဖြစ်လာစေရန် ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပါတီ ဖွဲ့စည်းခြင်း အနှစ် ၂ဝ ပြည့် ပွဲတွင် ပြောကြားသွားခဲ့သည်။

သို့သော် နအဖနှင့် ‘ဝသပ’ အကြား တဖက်နှင့်တဖက် အယုံအကြည် မရှိကြဘဲ စစ်ရေး ပြင်ဆင်မှုများ ရှိနေပြီး တိုက်ပွဲများ ပြန်ဖြစ်ပါက ‘ဝသပ’ အနေဖြင့် အဆင်သင့် ရှိကြောင်း မိုင်ဘုန်းကျော်က ပြောသည်။

“ဥက္ကဋ္ဌကြီး ပေါက်ယူချန်း ပြောတာကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ - နအဖ အနေနဲ့လည်း ဝ’ ကို အယုံအကြည် မရှိဘဲ စစ်ရေးပြင်ဆင်နေတာ။ ဝ’ ဘက်ကလည်း စစ်ရေး ပြင်ဆင်နေတာ ရှိတယ် ဆိုတဲ့ဟာတွေ ကျနော်တို့ သတင်းအတိအကျတွေ ရှိတယ်။ မလွဲသာတဲ့အဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်ရမယ် ဆိုလည်း ဝသပ ဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားတဲ့ သဘောရှိပါတယ်” ဟု သူက ပြောသည်။

အန်ဒီအက်၏ သဝဏ်လွှာထဲတွင် ယခုနှစ်ဆန်းပိုင်း၌ ‘ဝသပ’ အဖွဲ့က ဝ’ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့မှုသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ပြခြင်းသာ ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် မဟုတ်သဖြင့် ကြိုဆိုကြောင်း ဖော်ပြသည်။

‘ဝသပ’ အဖွဲ့နှင့် အန်ဒီအက် ကိုယ်စားလှယ်များအကြား တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်တွဲ ဆောင်ရွက်သွားရန် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဝသပ ပန်ဆန်းဌာနချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက် လှုပ်ရှားနေသည်။

လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ PPLO ၊ ဝအမျိုးသား အဖွဲ့ WNO ၊ မွန်ပြည်သစ် ပါတီ NMSP တို့ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့