..............................

Sunday, March 22, 2009

ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၇)

မတ် ၂၀၊ ၂၀၀၉

“ - - - မင်ဒဲလားကို သိပ် ချီးကျုးပါတယ်။ သူ့ခမျာ သိပ်သက်သာလှမှာ မဟုတ်ပါဘူး။ သူ့အတွက် ကျမ စိုးရိမ်မိပါတယ်။ သူ ရွေးကောက်ပွဲ မနိုင်မှာကို စိုးရိမ်တာ မဟုတ်ဘူးနော်။ ရွေးကောက်ပွဲ ပြီးပြီးနောက် ရင်ဆိုင်ရမယ့် ကိစ္စတွေ စိုးရိမ်တာပါ - - -”

မစ္စတာရစ်ချဒ်ဆန်။ ။ ကျနော် ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်နေ့က လာတုန်းက ခင်ဗျားနဲ့ တွေခွင့်ရဖို့ မေတ္တာရပ်ခံ ခဲ့တုန်းက သူတို့ရဲ့ အကြောင်းပြချက် ကတော့ ခင်ဗျားရဲ့ မိသားစုလည်း ရောက်နေတာမို့ ခင်ဗျားနဲ့ တွေ့ဖို့ ကိစ္စမှာ သိပ်ရှုပ်ထွေးနေမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကျနော်လည်း NAFTA သဘောတူ စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ တော်တော်လေး ပါဝင် လုံးပမ်းနေရပြီး သမ္မတကြီး ကလင်တန်နဲ့လည်း နီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်နေတာကို တွေ့သွားကြပါလိမ့်မယ်။ ဒီတော့ ဇန်နဝါရီလထဲမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး (ဦးသောင်း) က ကျနော့်ကို ချည်းကပ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီတော့ကာ အမျိုးသားညီလာခံ ပြန်မစခင် ရှင့်ကို သူတို့က ဒီကို လာစေချင်တယ် ဆိုပါတော့။

မစ္စတာရစ်ချဒ်ဆန်။ ။ ဂျီနီဗာမှာ ကျင်းပတော့မယ့် လူ့အခွင့်အရေး စည်းဝေးပွဲ မစတင်မီမှာ ကျနော့်ရဲ့ အလည်အပတ် ခရီးကို သူတို့ ဦးစားပေး စီစဉ်တယ်ဆိုတာ ရှင်းနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမက နဝတနဲ့ စကားမပြောချင်ဘူး ဆိုတာ မမှန်ပါဘူး။ ကျမသူတို့ထဲက တချို့ကိုတော့ ပြောဖို့ ငြင်းလိုက်ပါတယ်။ အကြောင်းကတော့ သူတို့က အရာရှိကြီးတွေ၊ ဂုဏ်သရေရှိ လူကြီး လူကောင်းတွေလို ပြုမူ ကျင့်ကြံတာမျိုး မဟုတ်လို့ပါ။

မစ္စတာရှယ်နွန်။ ။ ဘယ်အကြောင်းအရာ ပေါ်မှာမဆို ခင်ဗျား ဆွေးနွေးနိုင်ပါ့မလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဆွေးနွေးကြတယ်ဆိုတာ တမဟုတ်ချင်း ကိစ္စမှ မဟုတ်ပဲလေ။ ဆွေးနွေးပွဲဆိုတာ နှစ်ဦးနှစ်ဘက် ရှိရပါ့မယ်။ တဘက်တည်းရဲ့ ပြောဆို နေသံချည်းပဲ မဟုတ်ပါဘူး။ တခုတည်းသော ကန့်သတ်ရမယ့် အကြောင်းအရာကတော့ ကျမကို ပြည်ပ ထွက်ခွာသွားဖို့ တိုက်တွန်းမယ့် ကိစ္စပါပဲ။ အဲဒီကိစ္စကတော့ ဘယ်တော့မှ ဖြစ်လာမယ့် ကိစ္စ မဟုတ်ပါဘူး။

မစ္စတာရှယ်နွန်။ ။ နဝတနဲ့ NLD သဘောတူညီချက် တရပ် ရရှိပြီး ဒီမိုကရက်တစ် မြန်မာနိုင်ငံ တည်ဆောက်ရေးဆီ ဦးတည်သွားမယ့် အခွင့်အလမ်းကို တွေ့မိသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီဟာ ဟာ လေးနက် တည်ကြည်မှု ရှိတဲ့ ဒီမိုကရေစီပဲ ဖြစ်ရပါ့မယ်။ အတုအယောင် ဒီမိုကရေစီတော့ မဖြစ်စေရပါဘူး။

တိုင်းပြည်ထဲက အင်အားစုတိုင်းဟာ သူ့ကဏ္ဍနဲ့သူ ပါဝင်ဆောင်ရွက်ခွင့် ရှိနေကြရပါ့မယ်။ ကျမ အဲဒီအချက်ကို အမြဲ လက်ခံထားပါတယ်။ ကျမတို့ အနေနဲ့ ဘယ်သူဟာ ဘယ်အခန်းကဏ္ဍမှာ ဘယ်ပုံဘယ်နည်း ပါဝင် ဆောင်ရွက်ကြရမယ် ဆိုတာကို သဘောတူညီချက် ရယူကြရပါ့မယ်။ ကျမကတော့ အာဏာ ခွဲဝေယူရေးဆိုတဲ့ စကားကို မပြောချင်ပါဘူး။ ယုံကြည် စိတ်ချရမှုကို အခြေပြုတဲ့ နိုင်ငံရေးစနစ်ကိုပဲ လိုလားပါတယ်။ ပြည်သူလူထု အများစုက လက်ခံနိုင်တဲ့ အစီအစဉ်ဆိုရင် ကျမ လက်ခံနိုင်ပါတယ်။ သီအိုရီသဘော ပြောရရင် အမည်ခံ ဒီမိုကရေစီပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါပေမယ့် ပြည်သူလူထု အများစုရဲ့ ယုံကြည် ကိုးစားမှု မရှိရင်တော့ အဲဒီ ဒီမိုကရေစီမျိုးဟာ ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး။ ဗြိတိန်နိုင်ငံကို ကြည့်ပါ။ အခြေခံ ဥပဒေ တရပ်တောင် မရှိပါဘူး။ ဒါပေမယ့် လူတိုင်းဟာ သူတို့ရဲ့ နိုင်ငံရေး စနစ်အပေါ် စစ်မှန်တဲ့ ဒီမိုကရေစီကို ယုံကြည် စိတ်ချနေကြပါတယ်။

အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ပြန်ဖို့ ဆိုတာ ကျမအနေနဲ့ သိပ်ခက်ပါတယ်။ ကျမတို့ NLD ထဲက လူအတော်များများဟာ အတိုက်ခံတွေကို ထိရောက်တဲ့ ကဏ္ဍတရပ် ပေးအပ်ဖို့ အင်မတန် စိတ်ထက်သန် ခဲ့ကြတာပါ။ အဲဒီလိုမှ မလုပ်ခဲ့ရင် တိုင်းပြည်အတွက် ဘယ်ကောင်း နိုင်ပါ့မလဲ။ NLD ကို အမြဲတမ်း ကြိုးကြိုးစားစား စောင့်စောင့် စည်းစည်း ဖြစ်နေအောင် ထိန်ကျောင်းထားနိုင်ဖို့ နည်းလမ်းတရပ် လိုတယ် မဟုတ်လား။

အတိုက်အခံရှိနေခြင်းဟာ ဒီကိစ္စအတွက် အထောက်အကူ ရတာပေါ့။ အတိုက်အခံ အမတ် နည်းနည်းပဲ ရှိနေသည့် တိုင်အောင် သူတို့ကို တလေးတစားနဲ့ နေရာပေး ဆောင်ရွက်ကြမှာပါပဲ။ သူတို့ရဲ့ ထင်မြင် ယူဆချက်တွေကို အလေးထား နားထောင် ကြရပါမယ်။ သူတို့ကို ဖိစီးနှိပ်ကွပ်မှာ မဟုတ်ပါဘူး။ ကျမတို့ NLD ဗဟိုအလုပ်မှုဆောင် တဖွဲ့လုံးက အတိုက်အခံ အင်အားစုရဲ့ အရေးပါပုံ အပေါ်မှာ တသဘောတည်း ရှိကြပါတယ်။ ၁၉၉ဝ ပြည့်နှစ်က ရွေးကောက်ပွဲ ရလဒ်နဲ့ အတူပေါ်ပေါက်ခဲ့တဲ့ အခွင့်အရေးကို နဝတက အမိအရ ဆွဲမယူ မိလိုက်တာ အလွန့်ကို ဝမ်းနည်းစရာ ကောင်းပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည) ဟာ NLD အစိုးရ လက်အောက်မှာဆိုရင် ယခု နဝတ လက်အောက်မှာထက် ပိုပြီး ကောင်းတဲ့ အနေအထား အဆင့်အတန်းကို ရောက်နေမှာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ဟာဆိုရင် အင်ဒိုနီးရှားက ဂိုလ်ကာ ပါတီအတု ပုံစံမျိုးက လွဲလို့ ဘာမှ မဟုတ်ပါဘူး။

မစ္စတာရှယ်နွန်။ ။ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ခင်ဗျားရဲ့ ကျန်းမာရေး၊ လူမှု သာယာရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်တာတွေ အတော်ဖြစ်နေကြပါတယ်။ ခုလို ပြစ်ဒဏ်ခံနေရတာကို ဘယ်လို ရင်ဆိုင်နေရပါသလဲ။ ခင်ဗျား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရတာကို ဘယ်လိုသိခဲ့ပါသလဲ။ အဲဒီဆုအပေါ် ဘယ်လို ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ တခြား လူတွေ (လုပ်ဖော်ကိုင်ဖက်တွေ) ခံစားရတဲ့ ဒုက္ခတွေနဲ့ ယှဉ်လိုက်ရင် ကျမ ခံစားနေရတာဟာ တကယ်တော့ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ ကျမ အရိုက်အနှက် မခံရပါဘူး၊ စာအုပ်တွေ ဖတ်နိုင်တယ်။ ရေဒီယို နားထောင်နိုင်တယ်။ ကျမ ငြိမ်းချမ်းရေး နိုဘလ်ဆု ရတဲ့သတင်းကို ဘီဘီစီမှာ ကြားလိုက်ပါတယ်။ ကျမ အဲဒီဆုကို ရရှိခဲ့တာဟာ တခြားပြည်သူ အမြောက်အများ ဒုက္ခမျိုးစုံကို ခံစားခဲ့ကြရ လို့ပါပဲ။ မစ္စတာ ဟာဗယ်လ်က ကျမ နာမည်ကို အဆို တင်သွင်းကြောင်း ကြားလိုက်ရပါတယ်။ ဆုရကြောင်း မကြေညာမီ ရုံးပိတ်ရက်မှာ ဘီဘီစီနဲ့ ဗွီအိုအေတွေက တဆင့် ကျမနာမည် ရှေ့တန်း ရောက်နေတဲ့ အကြောင်း ကြားလိုက်ရပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားရဲ့ဆုကို မိုက်ကယ်လ်ဆီ သွားလည်တုန်းက ကျနော်တွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမဆုရဲ့ ဓာတ်ပုံကိုတော့ မြင်ရပြီးပါပြီ။ နိုဘဲလ်ဆု ပေးတဲ့ ကော်မတီကိုလည်း ကျမ ကျေးဇူးတင်ကြောင်း စာရေးဖြစ်ခဲ့ပါတယ်။ ကျမ အဲဒီဆုအတွက် ၀မ်းသာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဆုကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အာရုံကို ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွဲဆောင် နိုင်ခဲ့လို့ပါပဲ။ တချိန်တည်းမှာပဲ ကျမစိတ်ထဲ အင်မတန် ရိုကျိုး နှိမ့်ချမှုတရပ်ကို ခံစားလိုက်ရပါတယ်။

မစ္စတာရှယ်နွန်။ ။ အထီးကျန်ဖြစ်နေတဲ့ အခြေအနေအပေါ် ခံစားမှုကကော ဘယ်လို ရှိသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အထီးကျန်ဖြစ်နေတာကတော့ ကျမအတွက် အခက်အခဲ မရှိပါဘူး။ ဒါကလည်း ကျမဟာ ဗုဒ္ဓဘာသာဝင် ဘဝနဲ့ ကြီးပြင်း လာခဲ့ရလို့ ဖြစ်နိုင်ပါတယ်။ ကျမဆီမှာ ဖတ်စရာ စာအုပ်တွေနဲ့ နားထောင်ဖို့ ရေဒီယို ရှိနေတာပဲ။ ဒါတွေ မရှိရင်တော့ တကိုယ်ရည် အထီးကျန် ဘဝအပေါ် တမျိုးတမည် ခံစားလာမိနိုင်မယ် ထင်ပါတယ်။

မစ္စတာရှယ်နွန်။ ။ ခင်ဗျား ဘယ်လို စာအုပ်တွေကို ဖတ်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ ဒဿနိက၊ ဘာသာရေး အဓိက ဗုဒ္ဓွစာပေ၊ အပြည်ပြည် ဆိုင်ရာနဲ့ ပတ်သက်တာတွေကို နှစ်သက်ပါတယ်။ ကျမက ဘီဘီစီ (အင်္ဂလိပ်ပိုင်း) စာအုပ်မိတ်ဆက် အစီအစဉ်ကို နားထောင်ပြီး အဲဒီအစီအစဉ်မှာ ပါတဲ့ စာအုပ်တချို့ကို ယူလာပေးဖို့ မိုက်ကယ်လ်ဆီကို အကြောင်းကြား တတ်ပါတယ်။

မစ္စတာရှယ်နွန်။ ။ မဟတ္တမဂန္ဓီ နဲ့ မင်ဒဲလား တို့ ရေးတဲ့ စာအုပ်တွေကိုရော ဖတ်သလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဂန္ဓီစာအုပ်တွေကို အရင်က ဖတ်ခဲ့ပါတယ်။ အခု နောက်တခေါက် ပြန်ဖတ်ပြီးပါပြီ။ ကျမ နယ်လ်ဆင် မင်ဒဲလားကို သိပ် ချီးကျုးပါတယ်။ သူ့ခမျာ သိပ်သက်သာလှမှာ မဟုတ်ပါဘူး။ သူ့အတွက် ကျမ စိုးရိမ်မိပါတယ်။ သူ ရွေးကောက်ပွဲ မနိုင်မှာကို စိုးရိမ်တာ မဟုတ်ဘူးနော်။ ရွေးကောက်ပွဲ ပြီးပြီးနောက် ရင်ဆိုင်ရမယ့် ကိစ္စတွေ စိုးရိမ်တာပါ။

မစ္စတာရှယ်နွန်။ ။ ဒီတော့ ခင်ဗျားမှာ သူရဲကောင်းအသစ်တွေ တွေ့နေပြီပေါ့လေ။ ခင်ဗျားရဲ့ ဖခင်ကကော။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ ဖေဖေ့ကို ပြီးပြည့်စုံလှတဲ့ သူရဲကောင်းကြီး တဦးလို့ မမြင်မိပါဘူး။ သူ့ရဲ့ အပြစ် အနာအဆာနဲ့ မပြည့်ဝမှုတွေကို သူ သတိပြုမိပြီး ဒါတွေကို ပြုပြင်နိုင်ဖို့ ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားမှု လေးတွေကြောင့် ဖေဖေ့ကို ကျမ သဘောကျတာပါပဲ။

( စကားဝိုင်း အပိုင်း ၈ ကို ဆက်လက်ဖတ်ရှုပါ။ အပိုင်း ၁၀ တွင် အဆုံးသတ်ပါမည်။)

(ဘာသာပြန်သူ - တာရာဝေယံ)

Ref: မိုးမခ

....

0 comments:

အပေါ်သို့