..............................

Thursday, March 26, 2009

၂၀၁၀ရွေးကောက်ပွဲနှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်း ၏ အမြင်

Tuesday, March 24, 2009

မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ
ရေးသားသူ - ကျော်ဝင်း၊ ဘာသာပြန်သူ - ကျော်လင်းဦး
(ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်နိုင်ရန် Freedom News Group ဘလော့မှ ကူးယူဖော်ပြသည်)

က။ လက်ရှိအခြေအနေ

လက်ရှိအခြေအနေအောက်မှာ ...

၁။ အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ နိုင်ငံရေး အရ ရှေ့ မတိုးနိုင်ဘဲ သေနေတဲ့ အနေအထားကို ရင် ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင် ရပ်တည်ဖို့ ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀င်ရုံမှတပါး အခြားမရှိပါ။

၂။ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုဟာ အတိုက်အခံ အုပ်စု အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင် မ၀င်ဆိုတဲ့ အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အုပ်စုကတော့ သူတို့ ဆုံးဖြတ်ထားတဲ့ အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက်ပြီး အကောင်အထည် ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဟာဗျူဟာဆိုင်ရာ ပြ ဿနာ မဟုတ်ဘဲ၊ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာ ဆိုတာ မ ဟာဗျူဟာမြောက် လိုအပ်ချက်ရဲ့ လက်အောက်ခံ အဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာ က ကျင့်ဝတ် သိက္ခာထက် ပိုအခရာ ကျပါတယ်။

၃။ အနောက်က ပံ့ပိုးပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေး အပေါ် ထောက်ခံမှု ဟာလည်း လျှော့ကြိုး ကုန်ချိန်ကို ရောက်နေပါပြီ။ အဲဒီအကန့်အသတ်ကိုကျော်ပြီး နောက်ထပ် လုပ်စရာ တနည်းသာ ကျန်ပါတော့တယ်။ အဲဒါကတော့ နီယိုကွန်များရဲ့ နည်းနာအတိုင်း စစ်ရေးအရ အရေးယူဖို့ ပါပဲ။ ဒါပေမယ့် ဒါဟာလည်း အီရတ်မှာ မအောင် မြင်တဲ့ ပေါ်လစီ ဖြစ်နေပါတယ်။

အထက်မှာဖေါ်ပြခဲ့တဲ့ လက်ရှိအခြေအနေတွေကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အဲဒါတွေက အမှန် တရားတွေပါပဲ။ နိုင်ငံရေးဆိုတာ အမှန်တရားကို အခြေခံရတဲ့ ကစားနည်း တမျိုးပါ။

ခ။ အနေအထားများ

၁။ စစ်တပ်ရဲ့အခန်းကဏ္ဍ

၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်တခုလုံးကို သိမ်းပိုက် ထားခဲ့ပါတယ်။ စစ်တပ်ကို နိုင်ငံရေး အင်အားစု အဖြစ်ကနေ စစ်တပ်သက်သက် အင်အားစု အဖြစ် ပြောင်းလဲဖို့ဟာ ဒီမိုရရေစီးရေး လှုပ်ရှားမှု တခုလုံးရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရေတိုမှာ လုပ်လို့ဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါဟာ ကာလတကန့်ထိ သွားရမယ့် လုပ်ငန်းစဉ် ဖြစ်သလို သတ္တိရှိဖို့ တင်မက စိတ်ရှည် သည်းခံနိုင်ဖို့လည်း လိုပါတယ်။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက် မပြည့်မြောက် သေးခင်ကာလမှာ ပြုပြင်ပြောင်းလဲရေး ကြားကာလ တရပ်ကို ဖြတ်သန်း ရဦးမှာပါ။ အဲဒီကာလမှာ ကျနော်တို့ ဟာ မလွှဲ မရှောင်သာဘဲ စစ်တပ်နဲ့ လက်တွဲပြီး လုပ်ဆောင်သွားရမယ့် အနေအထား ရှိပါတယ်။

၂။ လူလတ်တန်းစားတို့၏ အခန်းကဏ္ဍ

ခေတ်မီတိုးတက်ရေးအတွက် မြန်မာအပါအ၀င် အရှေ့တိုင်းမှာ သွားတဲ့ လမ်းဟာ အနောက်နဲ့ အလွန် ကွာခြားပါတယ်။ အနောက်မှာ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်က ဖြစ်ခဲ့တဲ့ စက်မှု တော်လှန်ရေးလို၊ ဉာဏ် အလင်းသစ် လှုပ်ရှားမှုလို အဖြစ်အပျက်မျိုး မြန်မာပြည်မှာ မပေါ်ပေါက်ခဲ့ ဖူးပါဘူး။ မြန်မာပြည်မှာ ခေတ်မီ တိုးတက်တဲ့ လူမှုပုံစံဟာ အနောက်တိုင်း ကိုလိုနီဝါဒ ကနေ တဆင့် ပေါ်ပေါက်လာတာမျိုးပါ။ ဒါကြောင့် မြန်မာပြည်က စီးပွားရေးသမား လူလတ် တန်းစားတွေဟာ အနောက်မှာလို လွတ်လပ်တဲ့ လူမှု အင်အားစု တရပ် ဖြစ်မလာခဲ့ပါဘူး။ သူတို့ဟာ အုပ်ချုပ်သူ လူတန်းစားကိုသာ မှီခိုခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်းမှတော့ စစ်တပ်ကို မှီခို ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အတွက် ဒီလူတန်းစား အပေါ် အားထားလို့ မရပါဘူး။ မြန်မာ ပြည်မှာ နိုင်ငံရေးအရ အတက်ကြွဆုံး လူတန်းစားကတော့ ပညာတတ် လူလတ်တန်းစားပဲ ဖြစ်ပါတယ်။

၃။ ဒီမိုကရက်တစ်အင်အားစုများ၏ ရင့်ကျက်မှု

ဒါပေမယ့် ပညာတတ်လူတန်းစားအပါအ၀င် ဒီမိုကရက်တစ် အင်အားစုများရဲ့ ရင့်ကျက်မှု ကတော့ သိပ်မကောင်း လှပါဘူး။ ၁၉၆၂ ကတည်းက နှစ်ပေါင်း ၅၀ လောက် နိုင်ငံရေးအရ မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေမှာ နေခဲ့ရတာကြောင့် မြန်မာလူထု(သာမန်ရိုးရိုး လူထုနဲ့ ပါတီဝင်များ အပါအ၀င်)ရဲ့ ဒီမိုကရေစီရေး ဆိုင်ရာ ဗဟု သုတတွေဟာ အားနည်းလှပါတယ်။ ဒါ့အပြင် မာ့စ်ဝါဒလို အစွန်းရောက် အတွေးအခေါ်များရဲ့ လွှမ်းမိုးမှုဟာ နိုင်ငံရေးနဲ့ စာပေ အသိုင်းအ၀ိုင်းမှာ သိပ်ကြီးမားတာကြောင့် လူထု အုံကြွမှုတိုင်းဟာ အစွန်းရောက် သွားရပြီး အာဏာရှင်တို့က အမြစ်ပြတ် ချေမှုန်းရင် ချေမှုန်း၊ ဒါမှမဟုတ်ရင် အကြမ်းဖက် တော်လှန်တဲ့အတွက် ပြည်တွင်းစစ်ကို ဦးတည် သွားစေပါတယ်။ ဒီလိုဖြစ်ရပ်တိုင်းဟာ မမျှော်လင့်ဘဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင် ပေးနေပါတယ်။

၎။ အဖွဲ့အစည်းများ၏ အားနည်းချက်များ

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အရပ်သား အုပ်ချုပ်ရေးကို ရပ်ဆိုင်း လိုက်ပါတယ်။ စစ်အစိုးရဟာ တပါတီ စနစ်ကို အသက်သွင်းခြင်း အားဖြင့် စစ်တပ်ရဲ့ အာဏာကို စုစည်း လိုက်နိုင်ပါတယ်။ အဲဒီ ကတည်းက နိုင်ငံရေး စနစ်မှာ ထိန်းညှိ စောင့်ကြပ်ပေးမယ့် ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ မထွန်းကား တော့ပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှု အပြီးမှာ နိုင်ငံရေးပါတီ တော်တော်များများ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် NLD အပါအ၀င် အားလုံးဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံရေး အင်အားစုတရပ် အဖြစ် စုဖွဲ့လာအောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီတွေပဲ ဖြစ်ဖြစ် အားနည်းနေတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်လို့ ပြောရင်ရနိုင်ပါတယ်။

၅။ လူထုအခြေပြုအဖွဲ့အစည်းများ၏ အားနည်းချက်များ

မြန်မာပြည်မှာ ရိုးရာအစဉ်အလာအားဖြင့် လူထုအခြေပြုတဲ့ အဖွဲ့အစည်းများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ အစည်း အားလုံးဟာ ဘာသာရေးကို အခြေခံတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေပြီး ခေတ်မီ ဒီမိုကရေစီ သဘောတရား တွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ၂၀ ရာစု အကုန်ပိုင်းနဲ့ ၂၁ ရာစု အစောပိုင်းလောက်မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ နဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုပြီး လူထုအခြေပြု အဖွဲ့အစည်း ပုံစံသစ်တမျိုး ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့အစည်းတွေဟာ စနစ်တကျ စုစည်းနိုင်တဲ့ အင်အားမရှိဘဲ သိက္ခာပိုင်းနဲ့ နိုင်ငံရေးပုံ သဏ္ဍာန် လျော့နည်းတာကြောင့် စီးပွားရေး အဖွဲ့အစည်း၊ ဒါမှမဟုတ် စီးပွားရေးတပိုင်း အဖွဲ့အစည်းတွေ အဖြစ် လျော့ကျ သွားပါတော့တယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒီလို သမိုင်းကြောင်း နောက်ခံ အချက်အလက်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်ရည်တရပ်လို ဖြစ်နေပါပြီ။

ဂ။ နိုင်ငံရေး ပုံသဏ္ဍန်ကားချပ်

ဒီအခြေအနေအောက်မှာ ဘာများလုပ်နိုင်မလဲ။ ဒီမေးခွန်းကိုဖြေဖို့ရာ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများ ဘက် ၂ ဘက်လုံးရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ကို လေ့လာဖို့ လိုပါလိမ့်မယ်။

စစ်တပ်ဖက်

န၀တ နောက်ပိုင်းအခေါ် နအဖက အောင်မြင်စွာပြောဆိုနေတာ ကတော့ သူတို့ဟာ အာဏာ သိမ်းပြီး တက်လာတဲ့ အစိုးရ ဖြစ်တယ် ဆိုတာပါပဲ။ ဒါက ၁၉၆၂ တုန်းက ဗိုလ်ချုပ် နေ၀င်း အာဏာသိမ်းခဲ့တဲ့ အနေအထားနဲ့ လက်ရှိ နအဖတို့ရဲ့ ကွာခြားချက်ပါပဲ။ တကယ်တမ်း သဘာဝအားဖြင့် လက်ရှိ စစ်ဗိုလ်ချုပ်များရဲ့ အနေအထားဟာ အပြောင်းအလဲ ကြားကာလမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ အကယ်၍များ တတ်နိုင်ရင် သူတို့ အာဏာကို ဆက်လက် မြဲနေဖို့အတွက် ဒီမိုကရေစီ အပြောင်းအလဲကို မသွားချင်ပါဘူး။ ဒါပေမယ့် ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ဒီမိုကရေစီ အပြောင်းအလဲဟာ ရှောင်လွှဲလို့ မရဘူးဆိုတာ သူတို့ နားလည်ထားပါတယ်။ သူတို့ရဲ့ အချက် (၇) ချက်ပါတဲ့ လမ်းပြမြေပုံဟာ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်ပါတယ်။ သူတို့ရဲ့ မူလ ရည်ရွယ်ချက်ဟာ အချိန်ကို တတ်နိုင်သလောက် စွဲဆန့်ဖို့ ဖြစ်ပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းကြောင့် လမ်းမြမြေပုံကို တက်သုတ်ရိုက် အကောင်အထည် ဖေါ်နေရပြီး လတ်တလော အခြေအနေကို ရောက်နေတာပါ။

ဒီအမြင်အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာ လှုပ်ရှားမှုရဲ့ရလဒ် တခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ်လျူရှုလို့ မဖြစ်ပါဘူး။ နအဖရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိ အခြေခံ ဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီ အင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းသည် ဖြစ်ပစေ၊ ကျနော်တို့ ဒါကို ဂရုတစိုက်နဲ့ အသုံးချသင့် ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့လို့ပါ။

နအဖအလိုကျ အုပ်စုတွေလည်း ဒီရွေးကောက်ပွဲမှာ သေချာပေါက်ပါမှာပါ။

ဒီမိုကရေစီအင်အားစုများဘက်

သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ပေါ် မူတည်ပြီး အုပ်စုလေးစု ကွဲသွား နိုင်ပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ပေမယ့် သူတို့ရဲ့ အတွေးအခေါ် ကွားသွား တာနဲ့အမျှ ရလဒ်တွေကလည်း ကွာခြားသွားမှာပါ။

၁။ ပထမအုပ်စု

ဒီအုပ်စုဟာ အတိုက်အခံလှုပ်ရှားမှုရဲ့ ခေါင်းမာသမားတွေကို ကိုယ်စား ပြုပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ ကိုလည်း ငြင်းဆန် ပါလိမ့်မယ်။ အများအားဖြင့် ပြည်ပရောက် အင်အားစု များသာ ဖြစ်ပါတယ်။ (ကျနော့်အထင် သူတို့မှာ သူတို့ကိုယ်ပိုင် အကျိုးစီးပွား ရှိပုံရပါတယ်။) NLD ခေါင်းဆောင် အချို့လည်း ဒီအုပ်စုမှာ ပါဝင်ပါတယ်။

၂။ ဒုတိယအုပ်စု

သူတို့ဟာလည်း ခေါင်းမာသမားတွေဖြစ်ပေမယ့် လာမယ့် ရွေးကောက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက် တွေ့မယ့် အဆင့်တရပ် အနေနဲ့ သဘောထားပုံ ရပါတယ်။ သူတို့ရဲ့ အမြင်အရ လာမယ့် ရွေးကောက်ပွဲဟာ ပဋိပက္ခ ပိုမိုကြီးထွား စေမယ့် နည်းဗျူဟာဆိုင်ရာ ကစားကွင်း တရပ်သာ ဖြစ်ပါတယ်။ NLD ခေါင်းဆောင် တချို့နဲ့ ဗကပတို့ဟာ ဒီအမျိုးအစားထဲမှာ ရှိပါတယ်။

ကျနော့်အထင်အရ ဒီအုပ်စုနှစ်စုရဲ့ ရလဒ်ဟာ တမျိုးတည်း ဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားစေမယ့် အကြမ်းဖက် တော်လှန်ရေး နည်းလမ်းသာ ဖြစ်ပါတယ်။

၃။ တတိယအုပ်စု

ဒီအုပ်စုမှာတော့ အလယ်အလတ်ကျတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ပြီးတော့ တတိယ အင်အားစုလို့ လူသိ များပါတယ်။ သူတို့ဟာ လာမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာအရ ရှုမြင်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် လက်ရှိ နိုင်ငံရေး သေနေတဲ့ အနေအထားကို ထိုးဖောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက် လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ သူတို့က စစ်တပ်နဲ့ ဘုံရပ်တည်ချက် ရှာလိုသူတွေ ဖြစ်ပြီး (အဲဒီရပ်တည်ချက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ကောင်းဖြစ်မယ်။) အဲဒီ ရပ်တည်ချက်ကနေ တဆင့် အချင်းချင်း နားလည် ယုံကြည်မှုကို တည်ဆောက်ကာ နိုင်ငံအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဘက်ကို ဦးတည်သွားမယ်လို့ ယုံကြည်သူ တွေပါ။ ကျနော့်အမြင်အရ သူတို့ရဲ့ အယူအဆဟာ အနာဂတ် ဒီမိုကရေစီ အရေးအတွက် အဖြစ်နိုင်ဆုံး ရေစီးကြောင်း တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီ အင်အားစုတွေ ကြားမှာ အားအနည်း ဆုံးအုပ်စု ဖြစ်နေပါတယ်။ သူတို့ဟာ အခုအထိ နိုင်ငံရေး အင်အားစု တရပ်အဖြစ် မဖွဲ့စည်း မရပ်တည် သေးပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မကြာခင်မှာ နိုင်ငံရေး စင်မြင့်တခုကို တည်ဆောက် လာနိုင်ပါတယ်။

၎။ စတုတ္ထအုပ်စု

ဒီအုပ်စုမှာတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းအုပ်စုတွေ ပါပါတယ်။ သူတို့ အားလုံး နီးပါးဟာ လက်ရှိ ရွေးကောက်ပွဲ နည်းလမ်းကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှု ပြဿနာကို ဖြေရှင်း ပါလိမ့်မယ်။ သူတို့ဟာ တတိယ အုပ်စုအတွက် အရေးပါတဲ့ မဟာမိတ် တွေလည်း ဖြစ်လာပါလိမ့်မယ်။

နိဂုံး

တကယ်တမ်းအားဖြင့် နအဖရဲ့ လမ်းပြမြေပုံဟာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပါ။ စစ်တပ်ဟာ သူတို့ရဲ့ လမ်းပြ မြေပုံကို ပစ်ချပြီး အတိုက်အခံနဲ့ ပြေလည်ဖို့ တခြား နည်းလမ်းကို စဉ်းစားမှာ မဟုတ်ပါဘူး။ မည်သည့် နိုင်ငံရေးရလဒ် မဆို စစ်တပ်က ဦးဆောင်တဲ့ အပြောင်းအလဲ ကြားကာလ ဖြစ်စဉ်အတိုင်း သွားမှာပါ။ ဒီဖြစ်စဉ်ကို ဆန့််ကျင်တာဟာ နိုင်ငံရေး အရှိတရားကို ဆန့်ကျင်တာပါပဲ။ စစ်တပ်မပါတဲ့ ဒီမိုကရေစီ ခရီးလမ်းကို ဆက်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေကို ရှာဖွေရတဲ့ အနုပညာ တရပ်ပါ။ မြန်မာ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ အချက်ကတော့ အရှိတရားနဲ့ ပေါင်းစပ်ပြီး ဖြစ်နိုင်ချေကို ဓမ္မဓိဋ္ဌာန် ကျကျ စဉ်းစား ရွေးချယ်ဖို့ပါပဲ။

မှတ်ချက် ။ ။ ဤဘာသာပြန်ဆောင်းပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom News Group ၏ အာဘော်မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် ဆင်ခြင်သုံးသပ်နိုင်ရန်ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော မူရင်းဖိုင်အား ဖတ်လိုပါက ဤနေရာတွင် ဒေါင်းပါ

“မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ” စာတမ်းကို ရေးသား ပြုစုသူမှာ ၂၀၀၀ပြည့်နှစ်က နိုင်ငံ၏ စီးပွားရေး အမည်ရှိ နာမည်ကျော် ပွဲဦးထွက်စာအုပ်ကို ထုတ်ဝေခဲ့သည့် နိုင်ငံတကာ အတွေးအမြင် အယူအဆ များကို မြန်မာပြည်သူများနှင့် မိတ်ဆက်ပေးနေသည့် စာရေးဆရာ ကျော်ဝင်း ဖြစ်သည်။

ဘာသာပြန်သူမှာ ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူ ဦးကျော်လင်းဦး ဖြစ်သည်။ ဦးကျော်လင်းဦးသည် ၁၉၉၈ ပြည်သူ့ လွှတ်တော်ခေါ်ယူရေး အတွက် ကျောင်းသားများ၏ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။ လှုပ်ရှားမှုများအတွင်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုမှ ထွက်ပြေး တိမ်းရှောင်နေစဉ် မြန်မာ့ စာနယ်ဇင်းများ၌ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့ပြီး ဦးကျော်ဝင်း စတင်တည်ထောင်သော စံပယ်ဖြူ မဂ္ဂဇင်း၌လည်း ရေးသားခဲ့သူ ဖြစ်သည်။

ကျော်ဝင်း၏ အတ္ထုပ္ပတ္တိ (၁၉၅၂ - )
(www.myanmarbookshop.com မှ ကူးယူဖော်ပြသည်)

၁၉၅၂ - ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ အဘ - ဦးဘစိန်၊ အမိ - ဒေါ်အုန်းစိန် တို့က မွေးဖွားသည်။ မွေးချင်း ၇ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်း မောင်ကျော်ဝင်း ဖြစ်သည်။
၁၉၅၇ - ငယ်စဉ်က မြောက်ရပ်ကြီး မူလတန်း ကျောင်းတွင် စတင် ပညာသင် ကြားခဲ့။
၁၉၆၇ - မုံရွာမြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှ ၁၀ တန်းအောင်။
၁၉၆၈ - ၇၆ - မန္တလေးဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ခဲ့။
၁၉၇၅ - ၇၆ - မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့။
၁၉၆၉ - ကျောင်းသားဘ၀တွင်ပင် ကျူရှင်ဆရာလုပ်ခဲ့။
၁၉၈၅ - ၈၇ - မန္တလေးတက္ကသိုလ် စာပေးစာယူသင်တန်းတို့တွင် ဆက်လက် ပညာသင်ယူခဲ့။
၁၉၈၆ - မကြူကြူမြင့်နှင့် အိမ်ထောင်ပြု (သားသမီး ၃ ဦး ထွန်းကားခဲ့)။
၁၉၉၇ - ဇွန်လထုတ် 'သင့်ဘ၀မဂ္ဂဇင်း'ပါ 'စိန်ခေါ်နေသောဖွံ့ဖြိုး’ဆောင်းပါးဖြင့် စာပေ လောကသို့ စရောက်ခဲ့။ အမည်ရင်း ကျော်ဝင်းအပြင် ၀င်းနောင်၊ လင်းထက်ဇော်၊ စိုးရိမ်၊ မိုးကောင်း စသော နာမည်များဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် လူမှု စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ၊ နိုင်ငံတကာ ရေးရာ ဆောင်းပါးများ၊ ဘာသာပြန်များ ရေးသားလျက်ရှိ။
၂၀၀၀ - ပြည့်နှစ်တွင် မုံရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး စာပေလုပ်ငန်း တခုတည်းသာ လုပ်ကိုင်ခဲ့။
၂၀၀၀ - ဖေဖော်ဝါရီလတွင် ပထမဆုံးလုံးချင်းစာအုပ်'' နိုင်ငံ၏ စီးပွားရေး'' စာအုပ်ထွက်ခဲ့။ ထိုစဉ်မှစ၍ နှစ်စဉ် လုံးချင်းစာအုပ်များ ထွက်ခဲ့။ ''သင့်ဘ၀မဂ္ဂဇင်း'' တွင် အယ်ဒီတာလုပ်။
၂၀၀၁ - ၂၀၀၃ - စံပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာချုပ်။
၂၀၀၁ - ''ထောင်စု၊ ရာစု၊ ဆယ်စုများ''၊ ကမ္ဘာလုံးစီးပွားရေး၊ အဝေးမြင် စာအုပ်များထွက်။
၂၀၀၂ - ဒါဝင်မိတ်ဆက်၊ ကမ္ဘာကြီးရဲ့ မနက်ဖြန်၊ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း စာအုပ်များထွက်။
၂၀၀၃ - ပင့်ကူအိမ် လူ့အဖွဲ့အစည်း၊ သူတို့အက်ဆေး၊ အတောင်ပါသော စကားလုံးများ၊ တော်ဖလာနှင့် စကား စမြည်၊ ၂၁-ရာစု ဒစ်ပလိုမေစီ၊ လူများ ဖြစ်ရပ်များနှင့် တူရှူချက်များ၊ ရေစီးကြောင်းများ ပြောင်းလဲချိန် စသော စာအုပ်များ ထွက်။
၂၀၀၃ - ၂၀၀၄ - ခေတ်ဆန်းဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - ၂၀၀၆ - မိုးဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - စိန်ခေါ်ကြသူများ၊ ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ နှစ်ပေါင်း နှစ်ထောင်က ဘိဇနက် စကား၊ ထောင်စု-ရာစု- ဆယ်စုများ (ဒု-အကြိမ်)၊ ပုံရိပ်-ရှုခင်း-အမှတ်ရချက်နှင့် ခေတ်ရေစီး၊ ပညာရှင်များရဲ့ ၂၁-ရာစု၊ အီရတ်-အလွန်၊ ဘိဇနက် ဂျာနယ်လစ်ဇင်၊ ကောင်းကင်တွင် စင်တင်မည့် ဒရမ်မာသစ်၊ အင်တာဗျူး၊ ဂလိုဘယ်အမြင်- ဂလိုဘယ် လိုက်ဇေးရှင်း၊ ၂၁-ရာစု သားရွှေဥ၊ ခေတ်ပြိုင် ဘောဂဗေဒ၊ ရာဇ၀င် တွင်ရစ်မယ့် စကားဝိုင်းများ၊ အယ် ဒီတာစကား- အယ်ဒီတာ အကြိုက် စာအုပ်များထွက်။
၂၀၀၅ - သူတို့အမြင် သူတို့အပြော၊ ဂျပန်အိပ်မက်၊ နိုင်ငံ၏ စီးပွားရေး (ဒု-အကြိမ်)၊ ကမ္ဘာ့ အစီအစဉ်သစ် ရှာပုံတော်၊ အာရှစီးပွားရေး အနှစ်လေးဆယ်၊ နိုင်ငံ တည်ဆောက်ရေး ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း၊ ပေါက္ခရ၀ဿမိုး၊ ပလာတိုရဲ့ မြင်းနှစ်ကောင်၊ သစ္စာရှာဖို့ မြင်းစီးသူ၊ အက်ဆေးဆရာရဲ့ ဖြတ်သန်းခြင်း စသော စာအုပ်များ ထွက်။
၂၀၀၆ - ဇွန်လမှစ၍ The Wave မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေလျက်ရှိ။ ''ကမ္ဘာပြားပြီ (၃-တွဲ)'' ထွက်။
၂၀၀၆ ခုနှစ် - အမျိုးသားစာပေ (ဘာသာပြန်သုတ) ဆု ရရှိ။
၂၀၀၇ - ထိ ရေးသားပြီး လုံးချင်းစာအုပ်ပေါင်း ၆၀ ရှိပြီ။
ယခုအခါ အမှတ် ၂၀၊ အခန်း ၂၂၊ ပြည်ရိပ်မွန်အိမ်ရာ၊ ၇ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းတွင် ဇနီး ဒေါ်ကြူကြူမြင့်၊ သမီး ပွင့်သစ်ငြိမ်းချမ်း၊ မျိုးဆက်ငြိမ်းချမ်းနှင့် သား ခွန်းဆက်ငြိမ်းချမ်း တို့နှင့်အတူ နေထိုင်ရင်း စာပေများ ရေးသား ပြုစုလျက်ရှိ။ ဆက်သွယ်ရန် တဆင့်ဖုန်း - ၅၁၄၅၁၇။

ထင်ရှားသည့် စာအုပ်အချို့

၁။ ကမ္ဘာပြားပြီ (၃-တွဲ)
၂။ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း
၃။ ထောင်စုသစ် အိုင်ဒီယာများ
၎။ ပင့်ကူအိမ် လူ့အဖွဲ့အစည်း
၅။ ကမ္ဘာ့အစီအစဉ်သစ်ရှာပုံတော်
၆။ ၂၁ ရာစု သားရွှေဥ
၇။ သစ္စာရှာဖို့ မြင်းစီးသူ
၈။ အတောင်ပါသော စကားလုံးများ
၉။ ဦးနှောက်မုန်တိုင်းဆင်ခြင်း
၁၀။ နှင်းခဲပျော်ချိန် (အာရင်ဘတ်၏ ၀တ္ထု)



Ref: ဒေါက်တာလွမ်းဆွေ

....

0 comments:

အပေါ်သို့