..............................

Wednesday, March 25, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားခြင်းသည် စစ်အစိုးရ ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်

မင်းနိုင်သူ / မတ်လ(၂၄) ရက်၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် မြန်မာစစ်အစိုးရ ဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ရာကျသကဲ့သို့ နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်ရာ ကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ် မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည် အတွက် အခမဲ့ ရှေ့နေ လိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူအများ တည်ငြိမ် အေးချမ်းမှု အတွက် အန္တရာယ် ဖြစ်နိုင်သူလား ဆိုသည်ကိုလည်း အဆိုပါ ဥပဒေသုံးသပ်ချက်တွင် မေးခွန်းထုတ်ထားသည်။

“အခုဟာက အစိုးရက ကိုယ့်ဥပဒေကိုတောင် မလေးစားဘူးလို့ ပြောလိုက်တာပေါ့။ တနည်းအားဖြင့် ပြောမယ်ဆို ရင် ထဲထဲဝင်ဝင်ကို ဝေဖန်လိုက်တာ ဖြစ်တဲ့အတွက် နအဖစစ်အစိုးရ အတွက် အင်မတန်မှ ရှက်စရာ ကောင်းပါတယ်။ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး ဆိုတာကို ပြောလိုက်တာပေါ့။ အဲဒီအချက်ကို နိုင်ငံတကာက အသိအမှတ် ပြုလာရတဲ့ အနေအထား ဖြစ်လာတာပေါ့။ နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ နအဖအစိုးရ အနေနဲ့ အရှက်တကွဲ ဖြစ်ရတဲ့ ကိစ္စတွေ ဖြစ်လာတော့ အနည်းနဲ့ အများဆိုသလို အရေးယူ ဖြေရှင်းပေးရမယ့် အနေအထား ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” ဟု ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ အတွင်းရေးမှူး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်း ကမူ ယခုလ (၁၃) ရက်တွင် အယူခံကို ကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။ အယူခံကို ၉-၁၀-၂၀၀၈ ခုနှစ် ကတည်းက တင်သွင်းခဲ့ခြင်း ဖြစ်သော်လည်း နအဖစစ်အစိုးရ ဘက်က ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက် မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာတောမတ် ကင်တားနားက မတ်လ (၁၇) ရက်၌ လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံခဲ့သေးသည်။ ယင်းအစီရင်ခံစာတွင် ယင်းအမှုကို အစိုးရဘက်မှ လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းကမူ ယင်းအမှုသည် တရားသူကြီးချုပ်နှင့် မဆိုင်တော့ဘဲ အစိုးရအဖွဲ့ တာဝန်ရှိသူ ၀န်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ထားသူ ကသာ ကိုင်တွယ်ဆောင်ရွက် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်းထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှု အရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေ ချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။ တရားသူကြီးချုပ် ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက် ကတည်းက တရားရုံးချုပ်ရဲ့ ကဏ္ဍ မပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ် ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အယူခံကို ကြားနာပေးရန် ရှေ့နေကြီး ဦးကြည်ဝင်းက နအဖ ၀န်ကြီးချုပ်ထံ မေတ္တာ ရပ်ခံစာပေးပို့ပြီး (၆) ရက်အကြာတွင် အန်အယ်လ်ဒီက ပါတီ ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး ကျင်းပလိုသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် တွေ့ခွင့်ပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ဖူးသော်လည်း နအဖ စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားမှု မရှိခဲ့ပေ။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အတွေ့အကြုံတွေ အရတော့ အကြောင်း မပြန်တာ များတာပေါ့လေ။ သို့သော်လည်းပဲ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို ကျနော်တို့ အားမလျော့ဘဲ လုပ်သွားမယ်။ ပြောစရာရှိတာ ပြောမယ်။ တင်ပြစရာရှိတာ တင်ပြမယ်။ မလုပ်ရင် သမိုင်းအရ၊ နိုင်ငံရေးအရ ဘယ်သူက တာဝန်ရှိလဲ ဆိုတာမျိုး သူ့ဟာသူ ဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့